ယောက္ခထီး ယောက္ခမများနှင့် ဖြစ်လေ့ရှိသည့် ပြဿနာများ (ဖြေရှင်းနည်းများ)

သမီးလေးရေ… အိမ်ထောင် ပြုတယ် ဆိုတာ မိသားစုနှစ်စု ပါဝင်ပတ်သက်လာတတ်တယ်။ သာယာတဲ့ အိမ်ထောင် တစ်ခု တည်ဆောက်မယ်ဆိုရင် သူ့ဘက်၊ ကိုယ့်ဘက် အနည်းနဲ့အများ ပြုပြင်ရသလို၊ အနည်းဆုံး နှစ်ဖက်မိဘတွေနဲ့ အဆင်ပြေရင် သမီးလေးအတွက် အိမ်ထောင် ပိုပြီး သာယာတာပေါ့။ ဒါပေမယ့်လည်းလေ လောကကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာတော့ ရှားတယ်။ အထူးသဖြင့် မိမိနဲ့ သူ့မိဘတွေ ကြားမှာ ပြဿနာတွေကတော့ လျှာနဲ့သွားလို တစ်ခါတစ်ရံ ထိမိ၊ ကိုက်မိကြတာပဲလေ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့။ အခု ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာအချို့နဲ့ ဘယ်လိုဖြေရှင်းလို့ရလဲဆိုတာ ပြောပြမယ်။
(၁) နေရာတကာ ဝင်ပြီး ချုပ်ချယ်လွန်းတတ်တယ်။
တချို့ ယောက္ခမတွေက နေရာတကာ ဝင်ပြီး စွတ်ဖက် တတ်တယ်။ ဘယ်နေရာမှာနေ၊ ဘာကိုပဲဝယ်၊ ဘယ်တော့ ကလေးယူ စသဖြင့် အသေးစိတ်ကအစ သူ့သြဇာအတိုင်း လိုက်လုပ်ခိုင်းတယ်။ ပိုပြီးဆိုးတာက ယောက်ျားကလည်း သူ့အမေပြောတဲ့အတိုင်း လိုက်လုပ်နေတယ်။ ဒါဆိုရင် သေချာပြီ။ ဒီအတိုင်းဆက်သွားရင် သမီးလေး အိမ်ထောင်ရေးမှာ စိတ်ဆင်းရဲမှာပဲ။
ဒါမျိုးကြုံလာရင် အရင်ဆုံး ကိုယ့်ယောက်ျားကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ ဘဝမှာ လင်မယားဆိုတာ ဆိုးတူကောင်းဖက်၊ တိုင်ပင်ဖော်တိုင်ပင်ဖက် ဆိုတာကို နားလည်အောင် ပြောပြပါ။ နှစ်ယောက်အတူတူ ဘဝကို ရှေ့ဆက်ဖို့ လမ်းကြောင်း မိမိတို့ ဘာသာ ရွေးချယ်ရမယ်ဆိုတာ ရှင်းပြပါ။ မိဘများအနေနဲ့ အကြံ ပေးခွင့်ရှိပေမယ့်၊ ဆုံးဖြတ်ခွင့်ကိုတော့ မိမိတို့နှစ်ယောက်သာ ပိုင်ဆိုင်တယ်ဆိုတာ ပြသပါ။
(၂) နွေးနွေးထွေးထွေး ဆက်ဆံတာမျိုး မရှိဘူး။
သမီးလေး တစ်ခါကပြောဖူးတယ်။ သမီးအိမ်ထောင်ပြုရင် သူ့ရဲ့မိဘတွေက သမီးကို သမီးအရင်းလို ဆက်ဆံတဲ့ သူတွေကိုပဲ ရွေးမယ်ဆိုတာလေ။ တစ်ခါတစ်လေ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တတ်ပါဘူး။ သူတို့က သမီးကို တစိမ်းတစ်ယောက်လို၊ တစ်ခါတစ်လေ ပိုဆိုးတာက ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်တဲ့ လူတွေနဲ့လည်း ကြုံရတတ်တယ်။
ဒါမျိုးဖြစ်လာရင် ကိုယ့်ရဲ့ယောက်ျားကို ဒီလိုဆက်ဆံတာမျိုး ရှိတယ်ဆိုတာ၊ သမီးမကြိုက်ဘူးဆိုတာ ပြောပြပါ။ သူ့မိဘကို နားလည်အောင်၊ သမီးကို သမီးအရင်းလို မဟုတ်ရင်တောင်မှ ချွေးမတယောက်အနေဖြင့် ကောင်းကောင်း ဆက်ဆံဖို့ သူကိုယ်တိုင် သူ့မိဘကို ပြောပါစေ။ သမီးအနေနဲ့ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း မေးချင်ရင်လည်း မေးလို့ရပါတယ်။ အရေးကြီးတာက မရိုင်းပါနဲ့။ မီးကို မီးနဲ့ ငြိမ်းလို့မရပါဘူး။ အကယ်လို့ ဘယ်လိုလုပ်လုပ် အဆင်မပြေဘူး ဆိုရင်တော့ အဲဒီ ပတ်ဝန်းကျင်နဲ့ ကင်းနိုင်သလောက် ရှောင်နေပါ။ သူ့ရဲ့မိဘတွေကို ဘာပဲဖြစ်ဖြစ် ကိုယ်နှင့် အဆင်မပြေရင်တောင်မှ လေးစားမှုတော့ရှိပါ။
(၃) ခလေးလေးလို ဆက်ဆံနေတုန်းပဲ။
တချို့မိဘတွေက သားသမီး အသက်ဘယ်လောက်ကြီးကြီး၊ ကလေးလေးတစ်ယောက်လိုပဲ ဆက်ဆံတတ်ကြတယ်။ ပြဿနာကြီးကြီးမားမား မဟုတ်ပေမယ့်လည်း တစ်ခါတစ်လေကျတော့ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဥပမာ ဒီလောက် နေမကောင်းဖြစ်နေတာတောင် မစောင့်ရှောက်ရကောင်းလားလို့ ကိုယ့်ကို အပြစ်တင်တဲ့ မျက်လုံးတွေ၊ စကားတွေနဲ့ ပြောလာတဲ့ အခါမျိုးပေါ့။
ဒါမျိုးဖြစ်လာရင် ကိုယ့်ဘက်က အသေးအဖွဲ ကိစ္စမျိုးဆိုရင်၊ ခွင့်လွှတ်ပေးနိုင်တဲ့ အရာမျိုးဆိုရင် ငြိမ်နေလိုက်ပါ။ သားသမီးကို စိုးရိမ်စိတ် ကြီးလွန်းတဲ့ မိဘတချို့ရဲ့ အပြုအမူ တစ်ခုပဲဆိုပြီး ခွင့်လွှတ်နိုင်ရင် ခွင့်လွှတ်လိုက်ပါ။ အဲ.. လွန်လာပြီ ထင်ရင်တော့ ပွင့်ပွင့်လင်းလင်းပဲပြောပါ။ အခုလို ဂရုစိုက်ပေးတာ ကျေးဇူးတင်ပေမယ့်၊ နောင်မှာ မိမိတို့ဟာ ကလေးတွေ မဟုတ်တော့ဘူးဆိုတာရယ်၊ တယောက်နဲ့တယောက် ပြုစုစောင့်ရှောက်ဖို့၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေလိုတယ်ဆိုတာ ပြောပြပါ။
(၄) အရာရာကို ဝင်ရောက်စွတ်ဖက်ချင်တယ်။
သူ့မိဘတွေက သူဘာလုပ်လုပ် ဆုံးဖြတ်ချက်မချခင် အသိပေးရမယ်လို့ ပြောတယ်။ အိမ်ဝယ်တာ၊ ကားဝယ်တာ၊ အဆုံး အိမ်ထောင်ပရိဘောဂ ဝယ်တာက အစ သူတို့က ဝင်ပါချင်တယ်။
ဒါဆိုရင်ဘာလုပ်ရမလဲ။ တချို့ကိစ္စတွေကို သူတို့တွေကို အသိမပေးနဲ့။ သူတို့ရှေ့မှာ အငြင်းအခုံမလုပ်နဲ့။ ကိုယ်မလိုချင်တဲ့၊ မတောင်းတဲ့ အကြံဉာဏ်မျိုး ပေးလာရင် သူတို့ရှေ့မှာ ခေါင်းညိမ့်ပြီး၊ စဉ်းစားပါမယ်လို့ စကားနည်းရန်စဲ ပြောပါ။ နောက်ဆုံးတော့လည်း ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေကို သမီးတို့နှစ်ယောက်သာ တိုင်ပင်ဆုံးဖြတ်ကြပါ။
(၅) သူ့မိဘတွေက သမီးကို အပြစ်တွေတခုပြီးတခု ရှာနေတယ်။
အချို့မိဘတွေက သူ့သားသမီး ကောင်းချင်ဇောနဲ့ အသေးအမွားတွေက အစ သူတို့ စိတ်တိုင်းမကျတာတွေ တစ်ခုပြီးတခု ရှာဖွေ အပြစ်တင်နေတယ်။ ဒါက ဖြစ်နေကြ ပြဿနာတစ်ခုပဲ။ အိမ်မှာနေတော့လည်း အိမ်မှာနေလို့၊ အလုပ်ထွက်လုပ်တော့လည်း အလုပ်လုပ်လို့ ဘာကိုမှ အပြစ်မလွတ်အောင် လုပ်လို့မရဘူး။ အထူးသဖြင့် ကလေးတွေနဲ့ပတ်သက်လာရင် သူတို့ အတွေ့အကြုံ အများကြီးရှိတယ် ဆိုပြီး၊ ကိုယ်လုပ်သမျှ သူတို့က အပြစ်တင် ဝေဖန်နေတာပဲ။
ဒါမျိုးတွေဖြစ်လာရင် အကောင်းဆုံးက တစ်အိမ်တည်း အတူတူ မနေပါနဲ့။ အိမ်ခွဲနေနိုင်ရင်ပိုကောင်းတယ်။ လူတိုင်းက သူ့လက်ကိုယ့်လက် စိတ်တိုင်းကျ လုပ်ချင်တာပါပဲ။ သူတို့ အပြစ်တင်လာရင်လည်း ဒေါသတကြီး တုံ့ပြန်တာမျိုး မလုပ်ပါနဲ့။ စိတ်ရှည်ရှည်ထားပါ။ သူတို့အကြံပေးတာမျိုးကို ကျေးဇူးတင်ပေမယ့်၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှေ့ဆက်မယ်ဆိုတာ ယဉ်ယဉ်ကျေးကျေးပဲ ပြောပါ။ အချို့သောဆုံးဖြတ်ချက်များဟာ မိမိတို့နှစ်ယောက် အတူတူ စဉ်းစားဆုံးဖြတ်ထားတယ်ဆိုတာ ပြောပါ။ မိမိတယောက်ထဲကို ရွေးပြီး အပြစ်တင်တာ မမျှတဘူးလို့ပြောပါ။
(၆) အရမ်းကို မှီခိုလွန်း၊ တွယ်တာလွန်း နေတယ်၊
ဒါက အချက် (၃) နဲ့ ဆန့်ကျင်ဘက်။ အချက် (၃) က သူ့မိဘတွေက သူ့ကို ကလေးလေးတစ်ယောက်လို ဆက်ဆံတာ၊ ဂရုစိုက်တာ။ အခု ဒီဟာက မိဘတွေက သူ့အပေါ် အသေးအမွှား ကိစ္စတွေက အစ မှီခိုလွန်းနေတာ။ သူတို့သားလေး သူတို့အနားကနေ ခွဲထွက်သွားမှာကို အရမ်းစိုးရိမ်နေတာ။ သူတို့ဆီကို ဖုန်းမခေါ်ရင် မိန်းမရလို့ မိဘကိုပစ်သွားတယ်ဆိုပြီး စကားနာထိုးတက်တာမျိုး။
ဒီပြဿနာမျိုးက ပိုပြီး ခက်ခဲ နက်ရှိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကသူ့မိဘတွေလေ။ သူက မိဘတွေကို ချစ်တယ်ဆိုတာ သဘာဝပဲ။ သူတို့ကို ပစ်ပယ်ထားမှာ၊ စွန့်ပစ်သွားမှာ မဟုတ်ဘူးဆိုတာ ပြောပြပေးပါ။ သူတို့ လိုအပ်တိုင်း အနားမှာ ရှိပေးမယ်ဆိုတာ သိပါစေ။ သူတို့ကို ပစ်မထားပါနဲ့။ မမုန်းလိုက်ပါနဲ့။ တတ်နိုင်သမျှ သူတို့နှင့်အတူတူ အချိန်ကုန်ပေးပါ။ မွေးနေ့မျိုး၊ ပျော်ပွဲစားထွက်တာမျိုးမှာ သူတို့ကို အတူတူ ခေါ်သွားပါ။ သားတစ်ယောက် ဆုံးရှုံးသွားတာမဟုတ်ဘဲ၊ သမီးတယောက် တိုးရလာတယ်ဆိုတာမျိုး ဖြစ်ပါစေ။
(၇) နောက်ကွယ်မှာ မကောင်းပြောတယ်။
ဒါက အဆိုးရွားဆုံးပါပဲ။ သမီးတို့ရဲ့ အိမ်ထောင်ရေးကို ထိခိုက် ပြိုကွဲသွားအောင် လုပ်တက်တဲ့ မိဘအချို့ရဲ့ အပြုအမူမျိုးပဲ။ သူတို့ဟာ သမီးမကောင်းကြောင်း သမီးရဲ့ နောက်ကွယ်မှာ သူတို့ရဲ့ အသိုင်းအဝိုင်းကို ပြောလေ့ရှိတယ်။ သူ့သားကိုလည်း သမီးကိုရွေးမလား၊ သူတို့ကိုရွေးမလားဆိုပြီး အကျပ်ကိုင်တက်တာမျိုး။ အင်မတန်မှ ကြောက်စရာကောင်းတယ်။
ဒါမျိုးကြုံလာရင် စိတ် အေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပါ။ သမီးရဲ့ယောက်ျားဟာ ဒီလိုထောင်ချောက်မျိုး အလွယ်တကူ ကျဆင်းတတ်တဲ့ ယောက်ျားမျိုး မဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်။ သူတို့ပြောတဲ့ စကားတိုင်းကိုလဲ အလွယ်တကူနဲ့ မယုံလိုက်ပါနဲ့။ သူ့မိဘတွေက သမီးအရင် သူ့ ရည်းစားဟောင်းတွေနဲ့ နှိုင်းယှဉ်တာမျိုး လုပ်လာရင်လည်း ဂရုမစိုက်ပါနဲ့။ စကားများတိုင်း နိုင်စရာ မလိုပါဘူး။ ယောကျာ်းကိုလဲ သူ့မိဘအကြောင်း အမြဲ တိုင်တောနေတာဟာ မိမိကို စိတ်ပျက်စေပါတယ်။ သမီးရင်ထဲမှာ မကျေနပ်တာတွေ၊ ရင်ဖွင့်ချင်တာတွေ ရှိခဲ့ရင် သူငယ်ချင်းကောင်းတွေ၊ ညီအကိုမောင်နှမတွေကို တိုင်ပင်ဆွေးနွေးပါ။ ရင်ဖွင့်ပါ။ သူတို့မရှိရင် တခြား စိတ်အကြံပေးတွေ၊ ဆရာဝန်တွေနဲ့ သွားတွေ့ပါ။
နိဂုံး
သမီးလေးရေ.. လူတိုင်းမှာ ကောင်းတာရှိသလို၊ ဆိုးတဲ့အပိုင်းတွေရှိတာပဲ။ သမီး သူ့ကို လက်ထပ်ဖို့ ဆုံးဖြတ်ချိန်က သူ့ရဲ့ကောင်းကွက်၊ ဆိုးကွက်တွေကို လက်ခံခဲ့တာပဲ။ မိဘဆိုတာ မကြိုက်ရင် ပြောင်းပစ်လို့မှ မရတာ။ သမီးအတွက် အရေးကြီးတာက အခြေအနေတွေ ဆက်ဆံရေးတွေ ပိုကောင်းလာအောင် ကြိုးစား အားထုတ်ဖို့ပဲ။ နားလည်ပေးပါ။ ခွင့်လွှတ်ပေးပါ။ နောက်ဆုံး ဘာတစ်ခုမှ အဆင်မပြေနိုင်တော့ဘူးဆိုရင် ဘဝကို အချိန်မရွေး အစကနေရင် ပြန်စနိုင်ခွင့်ရှိပါတယ်။