ဒဏ်ပေးခြင်း

ဂီတာ တီးဖူးသူများ သိပါလိမ့်မည်။ ဂီတာတီးသူများက တီးခါနီးမှာ ဂီတာကြိုးညှိတာ မြင်ဘူးပါလိမ့်မည်။ ဘာကြောင့်ပါသလဲ။ ကြိုးပါသော တူရိယာ ပစ္စည်းများသည် တင်းလွန်းလျှင် မကောင်း၊ လျော့လွန်းလျှင် အသံမမည်တတ်ပါ။ ကြိုး မတင်းမလျော့သော အနေအထား ရှိမှသာ အသံကောင်း ထွက်လာမည် ဖြစ်သည်။ ထိုနည်းတူပင် ကလေးတစ်ယောက်ကို အပြစ်ဒဏ်ပေးရာတွင် သူနှင့် သင့်တော် ထိုက်တန်မည့် ဒဏ်ပေးရန် လိုအပ်ပေသည်။ သင် ယခု ပေးနေသော အပြစ်ဒဏ်သည် သင့်ကလေးအတွက် အရမ်း တင်းကျပ်နေသလား။ လျော့နည်းနေသလား။
မည်သည့် နည်းလမ်းဖြင့် အပြစ်ဒဏ်ပေးနေသည်ပင် ဖြစ်စေကာမူ အောက်ပါ အချက် (၂)ချက်မှာ အလွန် အရေးပါပါသည်။
- (၁) ဘာကြောင့် အပြစ်ဒဏ် ပေးရသည်ကို သင့်ကလေး နားလည်ပါစေ။ သင် ကလေးကို အပြစ်ဒဏ် ပေးရခြင်း၏ ရည်ရွယ်ချက်မှာ နောင်တွင် ထိုကဲ့သို့သော အပြစ်ကို မလုပ်စေလို၍ ဖြစ်ရာ၊ ကလေးကို သူလုပ်ခဲ့သည့် အပြစ်အကြောင်းကို သူ နားလည် သဘောပေါက်ရန် အလွန် အရေးကြီးသည်။ ထို့ကြောင့် သင့်အနေဖြင့် အပြစ်ကို ကလေး နားလည်အောင် ရှင်းပြရန် အရေးပါပါသည်။
- (၂) သင့် ဒေါသ မပါပါစေနှင့်။ မိဘများ အနေဖြင့် ဒေါသ ထွက်လာလျှင် ကလေး၏ အပြစ်လုပ်ရပ်ထက်၊ မိမိ လိုအပ်ချက်ကို ပိုပြီး အလေးထားမိတတ်သည်။ ကျွန်တော်၏ ကလေးမှာ လက်ကို ပါးစပ်ထဲ ထည့်တတ်သော အကျင့် ရှိသည်။ မိခင်ဖြစ်သူက မကြိုက်ပါ။ တစ်ကြိမ်မှာတော့ မိခင်ဖြစ်သူက ကလေးကို အပြစ်ဒဏ် ပေးခါနီးတွင် ပါးစပ်ထဲ လက်ထည့်ရင် ဖျားတတ်ကြောင်း၊ ကလေး နေမကောင်းလျှင် သူ မည်မျှ ပင်ပန်းကြောင်း ရှင်းပြရင်း ဒေါသတွေ ထွက်လာသည်။ ကလေး၏ အပြစ်ကို ရှင်းပြရမည့် အစား၊ အမေဖြစ်သူ၏ ပင်ပန်းမှုက အဓိက အကြောင်းရင်းများ ဖြစ်သွားသည်။ ကလေးအနေဖြင့် သူ ဘာကြောင့် အပြစ်ဒဏ် ပေးခြင်း ခံရသည်ကို နားလည်နိုင်မည် မဟုတ်ပါ။
ကလေး၏ အပြစ်ဒဏ် ပေးရာတွင် အသက်အရွယ်အလိုက် ကြည့်ပေးဖို့လည်း အရေးကြီးသည်။
သိတတ်စ အရွယ်
ဤအရွယ်မှာ အင်မတန် ငယ်သော အရွယ်ဖြစ်၍ မည်သည့် အပြစ်ဒဏ်ကိုမျှ ပေးရန်ပင် မသင့်တော်လှပါ။ တစ်ခါတစ်ရံ ကလေးငယ် အနေဖြင့် ထမင်းစားရင်း ပန်းကန်မှောက်ပြစ်တာမျိုး၊ ကလေးကြီးဆီမှ အရုပ်ကို အတင်း လုယူတာမျိုး၊ ဇွန်းကို အကြိမ်ကြိမ် ပြစ်ချပြီး ပြန်ကောက်ခိုင်းတာမျိုး လုပ်လာပါက (၁) အသံ မာမာဖြင့် ဟန့်တားပါ။ ဤအရွယ် ကလေးမှာ အသံကို နားလည်နိုင်စ အရွယ် ဖြစ်သည်။ အော်ခိုင်းခြင်း မဟုတ်ပါ။ အသံမာမာဖြင့် ဟန့်တားခိုင်းခြင်းသာ ဖြစ်သည်။ (၂) ကလေး စိတ်အာရုံ ပြောင်းလိုက်ပါ။ ကလေးကို တခြားတစ်ခုခုကို စိတ်ပြောင်းလိုက်ခြင်းဖြင့် သူ လုပ်နေသည့် အလုပ်ကို မေ့သွားမည် ဖြစ်သည်။
၂-၃ နှစ် အရွယ်
ထိုအရွယ် ကလေးအတွက် အသံနှင့် စိတ်အာရုံ ပြောင်းခြင်းအပြင်၊ Timeout (ခွဲထားခြင်း) ဖြင့်လည်း အပြစ်ပေးနိုင်ပါသည်။ Timeout လုပ်သည် ဆိုသည်မှာ သူ့ လက်ရှိ လုပ်နေသော အရာမှ ခေတ္တ တစ်နေရာရွေ့လိုက်ခြင်းမျိုး ဖြစ်သည်။ ဥပမာ ထိုင်ခုံတစ်ခုမှာ သွားထိုင်နေသည်မျိုး (သို့မဟုတ်) အိမ်ထောင့်တစ်နေရာမှာ သွားနေခိုင်းတာမျိုး ဖြစ်သည်။ အရေးကြီးသည်မှာ TImeout အချိန်သည် သူ့ဘာသာသူ နေခိုင်းရမည် ဖြစ်သည်။ သင်အနေဖြင့် သူ့ကို ထိုအချိန်တွင် လျစ်လျူရှု့ထားရပေမည်။ ၂-၃ နှစ် အရွယ် ကလေးအတွက် Timeout ကို ၃ မိနစ်ထက် မပိုသင့်ပါ။
မူကြိုအရွယ်
ဒီအရွယ်တွင် အရင် နည်းလမ်းများ အပြင်၊ Timeout နည်းကို အနည်းငယ် ပြုပြင်၍ အသုံးပြုနိုင်ပါသည်။ Timeout ကို ကလေး အကြိုက်ဆုံး အရုပ်များ (သို့မဟုတ်) အလေ့အကျင့်များကိုပါ Timeout လုပ်ကြည့်နိုင်ပါသည်။ ဥပမာအားဖြင့် သူ့ အကြိုက်ဆုံး အရုပ်ကို ညတွေ သိမ်းထားမည် ဖြစ်ကြောင်း၊ နောက်နေ့မှသာ ပြန်ဆော့ခွင့် ရမည် ဖြစ်ကြောင်း စသည်ဖြင့် အပြစ်ပေးနိုင်ပါသည်။ ထိုသို့ အပြစ်ပေးရာတွင် အချိန်ကို အကြာကြီး မထားဖို့ လိုသည်။ မူကြို အရွယ်ကလေး အတွက် ရက်ကြာ၊ အချိန်ကြာ စောင့်မှ ရရှိနိုင်သော သဘောတရားကို နားမလည်နိုင်သေးပါ။
မူလတန်းကျောင်း အရွယ်
အရင် နည်းများ အပြင်၊ ပို၍ ထိရောက်မှု ရှိသော နည်းများကိုပါ သုံးနိုင်ပါသည်။ ဥပမာ ကလေး ကာတွန်းချိန်၊ TV ချိန်ကို ပယ်ဖြတ်လိုက်ခြင်း။ အပြင်တွင် ဆော့ချိန်ကို လျှော့ချပစ်ခြင်းမျိုးဖြင့် အပြစ်ပေးနိုင်ပါသည်။
ဆယ်ကျော်သက်
ဆယ်ကျော်သက် ကလေးအတွက် အပြစ်ဒဏ်မှာ သူတို့၏ အကြိုက်နှင့် လိုက်၍ အပြစ်ဒဏ် ပေးရမည် ဖြစ်သည်။ ဥပမာအားဖြင့် အိမ်မှ ကားပေးမမောင်းတော့ခြင်း၊ ဖုန်း အင်တာနက်ကို ပိတ်ထားခြင်း၊ အပြင်ထွက်လည်ခွင့် ပိတ်ပင်ခြင်း၊ မုန့်ဖိုးဖြတ်ခြင်း စသည်ဖြင့် အပြစ်ပေးနိုင်ပါသည်။ အပြစ်ပေးရာတွင် တစ်ချိန်တွင် အပြစ်ဒဏ် တစ်မျိုးကိုသာ ပေးသင့်သည်။ သို့မှသာ အပြစ်၏ အကျိုးတရားကို နားလည်သဘောပေါက်နိုင်မည် ဖြစ်သည်။ အချို့ မိဘများက ဆယ်ကျော်သက် ကလေးများနှင့် သဘောတူ စာချုပ်ကဲ့သို့သော အပြစ်ဒဏ် စာရင်းထားတတ်ကြသည်။ စာချုပ်ထဲတွင် မည်သည့် အပြစ်ကို ကျူးလွန်လျှင် မည်ကဲ့သို့သော အကျိုးသက်ရောက်မှု၊ အပြစ်ဒဏ် ရှိသည်ကို ဖော်ပြထားသည်။ သင့်အနေဖြင့်လည်း ဤနည်းလမ်းကို စမ်းသပ်ကြည့်နိုင်ပါသည်။
ကလေးကို ဆုံးမရာတွင် အပြစ်ဒဏ်ပေးခြင်းသည် ထိရောက်မှု ရှိသင့်သလောက် ရှိပြီး၊ ဆုလာဒ်ဖြင့် ပူးပေါင်း၍ ဆုံးမပါက ပိုမို၍ ထိရောက်နိုင်ပေသည်။ ဆုပေး ဒဏ်ပေး စနစ်သည် နေရာတော်တော်များများတွင် အသုံးပြုလေ့ရှိပြီး ကောင်းသော လိုလားသော အမှုအရာကို အားပေး၍၊ မကောင်းသော အမှုအရာကို လျော့နည်းစေသော နည်းလမ်းကောင်း တစ်ခုပင် ဖြစ်ပေသည်။