ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

သားသမီးကောင်း ဖြစ်လာစေသော နည်းလမ်းများ

သားသမီးကောင်း ဖြစ်လာစေသော နည်းလမ်းများ

ပွင့်ပွင့်လင်းလင်း ပြောမယ်။ မိဘအုပ်ထိန်းရတဲ့ အလုပ်ဟာ တကယ်ပင်ပန်းလှပါတယ်။ ကလေးမွေးဖို့ ကိုယ်ဝန်‌ဆောင်ကာလကနေ ကလေး ကြီးလာသည်အထိ အားသွန်ခွန်စိုက်နဲ့ ကြိုးစားလာလိုက်ရတာ။ တကယ်ပင်ပန်းလှပါတယ်။ သတင်းကောင်းတစ်ခုက ကျွန်တော်တို့တွေက ကလေးကို ပြုစုပျိုးထောင်နည်းတွေ တစ်မျိုးပြီး တစ်မျိုး ရှာဖွေနေပေမယ့်၊ သားသမီးတွေရဲ့ အခြေခံ လိုအပ်ချက်တွေကတော့ မပြောင်းလဲကြပါဘူး။ ချစ်ခြင်းမေတ္တာ ၊ အကြင်နာ၊ လုံခြုံစိတ်ချမှု ၊ လမ်းညွှန်မှု နှင့် အထောက်အပံ့ စသည့် အခြေခံ လိုအပ်ချက်တွေကတော့ မပြောင်းလဲကြပါဘူး။ ဒီ အခြေခံ လိုအပ်ချက်တွေသာ မိဘတွေက ပေးနိုင်ရင် သားသမီးတွေ ဘဝမှာ ကောင်းမွန်တိုးတတ်ဖို့ အလားအလာကောင်းပါတယ်။ တခြားမိဘတွေ သုံးလေ့ ရှိသော နည်းလမ်းတစ်ချို့ကိုလည်း မျှဝေပေးလိုက်ပါသည်။

ဝန်ခံ တောင်းပန်ပါ။

သင်က မိဘ ဖြစ်နေ၍ တောင်းပန်ဖို့ မလို‌ဆိုသော ‌အတွေးအ‌ခေါ်မျိုး မထားပါနှင့်။ လူကြီး၊ ကလေး မည်သူမဆို အမှားလုပ်မိပါက တောင်းပန်ပါ။ မိမိကိုယ်တိုင် စံပြလုပ်ပြပါ။ အမှားလုပ်ထားမိရင် တိမ်းရှောင်တာ၊ သူများကို အပြစ်တင်တာထက် မိမိကိုယ်ကို ဝန်ခံ တာဝန်ယူတတ်အောင် သင်ပေးပါ။ ကလေးက သင်ကို လေးစားစေလိုရင် ကလေးကို လေးလေးစားစား ဆက်ဆံပါ။

ချိုချိုသာသာ ပြောဆိုပေးပါ။

ချစ်ခြင်းကြင်နာခြင်းတွေနဲ့ ခင်မင်ရင်နှီးတဲ့ ချစ်စနိုးနာမည်တွေကိုခေါ်ပေးပါ။ ဒီလိုအမည်လေးတွေခေါ်တာက အများကြီးထိရောက်စေပါတယ်။ သားယောကျာ်းလေးတွေအပါအ၀င် ချိုချိုသာသာနဲ့ တယုတယ ရှိစေမယ့် စကားအသုံးအနှုန်းတွေနဲ့ ဆက်ဆံပေးပါ။ ကလေးအပေါ် ချစ်ကြောင်း၊ တန်ဖိုးထားကြောင်း ပြသပေးပါ။

ကလေးတွေနှင့် တရင်းတနှီး နေပါ။ ပျော်ပျော် နေပါ။

တခါတလေ အိမ်အလုပ်တွေ လုပ်ရင်း သီချင်းတွေ အကျယ်ကြီးအော်ဆိုတာ၊ ကခုန်ပေးတာတွေ လုပ်ပေးပါ။ ဒီလို မိဘက ပျော်ရွှင်ပြီး အလုပ်နေတာကို ကလေးတွေက ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလုပ်ဆောင်တာက မိဘနဲ့ ကလေးတွေကြား အတပ်ပြောလို့မရတဲ့ ပျော်ရွှင်မှုတွေကို ဝင်ရောက်လာစေပါတယ်။ ဆက်ဆံံရေးကိုပိုခိုင်မြဲစေပါတယ်။ သူတို့နှင့် အတူတူ ရယ်စရာကောင်းသော ကစားနည်း‌တွေနှင့် ကစားပါ။ ပြောင်ချော်ချော်မျက်နှာ လုပ်တာမျိုး၊ ဒါမှမဟုတ် တယောက်နဲ့တယောက်စိုက်ကြည့်ပြိုင်တမ်းကစားပေးပါ။ အနိုင်၊ အရှုံးဆိုတာကိုလည်း လက်ခံတတ်လာအောင် သင်ပေးပါ။

စစ်တုရင်(Chess) ကစားခြင်း အပါအ၀င် စတဲ့ ခေါင်းသုံးပြီး ဆော့ရသော ကစားနည်းကို ကစားပေးပါ။

ကလေးဟာ ရမှတ်များကို မှတ်ထားခြင်းဖြင့် သင်္ချာစွမ်းရည် တိုးတက်စေပါတယ်။ အလှည့်ကျ ကစားရတာကြောင့် စိတ်ရှည်လာပါမယ်။ သူတပါးအပေါ်အလေးထားတတ်လာပါလိမ့်မယ်။ နောက်ထပ် အကျိုးရှိစေတာကတော့ အနိုင်နှင့် အရှုံးကို သင်ယူတတ်လာပါမယ်။ စဉ်းစားဉာဏ် တိုးလာစေပြီး မိသားစုဝင်တွေကြား ပိုမို ရင်းနှီး တိုးတတ်လာပါလိမ့်မည်။

နောက်တလှမ်းဆုတ်ပေးပါ။

သင် သားသမီးကို ကိုယ်အားကိုယ်ကိုး တတ်စေလိုပါသလား။ အရင်ဆုံး သားသမီးကို ကိုယ်အားကိုယ်ကိုး တာကို လိုလားကြောင်း အသိပေးပါ။ သူတို့လေးတွေကို စမ်းကြည့်ဖို့ အခွင့်အရေးပေးလိုက်ပါ။ စိတ်မရှည်လို့၊ သူတို့ လုပ်တာကို စိတ်တိုင်းမကျလို့၊ လုပ်တာ မှားလို့ စိတ်ပြောင်းပြီး သွားမကူလိုက်ပါနှင့်။ သူတို့ကို ဒီလို အတွေ့အကြုံတွေမှ သင်ယူခွင့်ပေးလိုက်ပါ။ သူတို့ အကူအညီ တောင်းရင်တောင် သူတို့ကို အရင် စမ်းကြည့်ခိုင်းပါ။

ကလေးကို အကူအညီတောင်းပါ။

အိမ်အလုပ်တွေ ကူပြီး လုပ်ခိုင်းပါ။ စားပွဲခုံတွေကို ဖုံသုတ်တာ၊ ပစ္စည်းတွေကို ကူချခိုင်းတာ၊ အိမ်မှာ သန့်ရှင်းရေး လုပ်ခိုင်းတာ၊ ကွန်ပြူတာပြဿနာတွေကို ဖြေရှင်းတာတွေကို လုပ်စေခြင်းဟာ မိဘတွေကို တဖက်တလှမ်းကနေ ကူညီရာရောက်စေတာကြောင်း သိအောင်ပြောပေးရပါမယ်၊ ပြီးရင် ကူပေးတာကို ကျေးဇူးတင်ကြောင်း ပြောပေးဖို့မမေ့ပါနှင့်။

အိမ်မှုကိစ္စတာ၀န်များကိုပေးပါ။

အိမ်အလုပ်တွေကို ဝိုင်း ကူလုပ်ပေးခြင်းဟာ မိသားစုဝင်တိုင်း၏ တာဝန်တွင် ပါ၀င်ကြောင်းသင်ပေးပါ။ အိမ်အလုပ်လုပ်နေရာတွင် တကိုယ်ကောင်းဆန်ဆန် တွေးခေါ်လုပ်ကိုင်ခြင်းထက် တခြား မိသားစုဝင်များ အတွက် အားလုံးကို ထည့်စဉ်းစားပေးတတ်ဖို့ကိုပါ သင်ပေးဖို့လိုအပ်ပါတယ်။ ထို့အပြင် သူတို့၏ အကူအညီ အမှန်တကယ် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုပါ။ ဒါမှ သူတို့တွေဟာ အိမ်မှာ သူတို့ အရေးပါ အကျိုးရှိသည်ကို နားလည်ပြီး အလုပ်အပေါ် ဂုဏ်ယူတတ်မှာဖြစ်ပါတယ်။

အသစ်အစမ်းတွေကို အတူတကွ လေ့ကျင့်သင်ယူပါ။

ဇွဲ‌ကောင်းခြင်းသည် ပညာသင်ယူရာတွင် ဖြစ်စေ၊ အသစ်အစမ်း တစ်ခုခုကို လေ့လာရာတွင် ဖြစ်စေ အလွန် အသုံးဝင်စေပါသည်။ ကလေးကို ဇွဲကောင်းဖို့၊ ဇွဲရှိအောင် လေ့ကျင့်ပေးပါ။ ‌သူတို့နှင့် ‌အတူတူ အသစ်အစမ်းတွေကို လေ့ကျင့်သင်ယူကြည့်ပါ။

ကလေးတွေဆီက အမြင်နှင့် စကားကို လေးစားပါ။

မိဘတွေအနေနဲ့ ကလေးတွေနဲ့ဆက်ဆံရာမှာ တခါတရံ အထင်မှားတတ်ပါတယ်။ ကလေး၏ အတွေးအမြင်ကို မေးကြည့်ပါ။ ဥပမာ ကျောင်းပြန်နောက်ကျရင် ဆော့နေတာကိုးလို့ တသတ်မတ်တည်း မထင်လိုက်ပါနှင့်။ တခြားအ‌ကြောင်းတွေ ရှိကောင်း ရှိပါလိမ့်မည်။ အကြောင်းရင်းကို မေးပါ။ အပြစ်ပေးရာတွင်လည်း သူ့အပြစ်ကို သူသိပါစေ။ သူ့ရဲ့ အတွေးကို မေးပါ။