စာလေးတစ်ဆောင်

စင်္ကာပူ ကျောင်းအုပ်ဆရာကြီးက စာမေးပွဲတစ်ခု မတိုင်ခင် ကျောင်းသားကျောင်းသူများ၏ မိဘတွေဆီကို ပေးပို့ခဲ့တဲ့ စာလေးတစောင်ပါ။
လေးစားရပါသော မိဘများ ခင်ဗျား
မကြာခင်ရက်ပိုင်းအတွင်းမှာ သင်တို့ သားသမီးတွေက စာမေးပွဲတခုကို ဝင်ရတော့မှာ ဖြစ်ပါတယ်။ သားသမီးတွေ စာမေးပွဲမှာ ကောင်းမွန်စွာ ဖြေဆိုနိုင်ပါ့မလားလို့ စိုးရိမ်နေကြမယ်ဆိုတာ နားလည် သဘောပေါက်မိပါတယ်။
ကျေးဇူးပြုပြီး သတိရသင့်တာကတော့ ယခု စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားကျောင်းသူတွေထဲမှာ
- သင်္ချာဘာသာကို နားလည်ဖို့ မလိုအပ်တဲ့ ပန်းချီပန်းပုပညာရှင်လောင်းလေးတွေ၊
- သမိုင်းဘာသာနဲ့ စကားပြေ၊ ဝါကျတွေကို ဂရုစိုက်စရာ မလိုအပ်တဲ့ စီးပွားရေးပညာရှင်လောင်းတွေ၊
- ဓါတုဗေဒ အမှတ်ဆိုတာ သူတို့တွေအဖို့ အရေးမပါနိုင်တဲ့ ဂီတပညာရှင်လောင်းလေးတွေ၊
- ရူပဗေဒ ဘာသာထက် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းက ပိုအရေးကြီးတဲ့ အားကစားမောင်မယ်လောင်းလေးတွေ ပါတယ် ဆိုတာပါ။
သူတို့လေးတွေ ဘာသာတိုင်းမှာ အမှတ်တွေ ကောင်းရင် ၀မ်းသာရမှာပါ။ မရခဲ့ရင်လည်း စိတ်မပျတ်ပါနဲ့။ သူတို့လေးတွေရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်နဲ့ ဂုဏ်သိက္ခာလေးတွေကို စာမေးပွဲတခုအတွက်နဲ့ မရိုက်ချိုးလိုက်ပါနဲ့။ ကလေးတွေကို “ဒါဟာ သေးမွှားတဲ့ စာမေးပွဲလေးတခုမျှသာ ဖြစ်တယ်။ ဘ၀မှာ ဒီထက် ပိုအရေးကြီးတဲ့အရာတွေကို သူတို့လေးတွေ စွမ်းဆောင်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီး ရှိတယ်လို့ နှစ်သိမ့်ပေးပါ။ သူတို့လေးတွေ ဘယ်လို အမှတ်မျိုးကို ရပါစေ၊ သူတို့လေးတွေကို အမြဲချစ်နေမယ့်အကြောင်း ပြောပြပေးပါ။
ကျေးဇူးပြုပြီး လုပ်ပေးပါ၊ သင့်လုပ်ရပ်ကြောင့် သင်တို့ကလေးတွေက ကိုယ့်ကိုကိုယ် ယုံကြည်စိတ်နဲ့ လောကကြီးမှာ အောင်မြင်နိုင်တဲ့သူတွေ ဖြစ်လာတာကို စောင့်ကြည့်နေလိုက်ပါ။ စာမေးပွဲတခုကြောင့် သူတို့လေးတွေရဲ့ အိမ်မက်တွေ၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်နဲ့ အရည်အချင်းတွေကို မလျော့သွားပါစေနှင့်။
နောက်ဆုံး စကားလက်ဆောင်လေးကတော့ လောကကြီးမှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေကသာ အအောင်မြင်ဆုံး၊ အပျော်ဆုံး ဘဝကို ရနိုင်တာ မဟုတ်ပါဘူး။
ကလေးတွေအားလုံး ကိုယ်စီ အလှတွေနှင့် ပြုံးပျော်နိုင်ကြသူ ဖြစ်ကြပါစေလို့ တောင်းဆုပြုရင်း