အေးအေးနိုင်
အေးအေးနိုင် စာဖတ်ခြင်းကို နှစ်သက်ပြီး ဗဟုသုတများကို ပြန်လည်ဝေငှရ သည်ကို ပျော်ရွှင်နေသူ

စည်းကမ်းတင်းကြပ်တဲ့အုပ်ထိန်းခြင်းမှာ ဘာတွေမှားယွင်းနေပါသလဲ

စည်းကမ်းတင်းကြပ်တဲ့အုပ်ထိန်းခြင်းမှာ ဘာတွေမှားယွင်းနေပါသလဲ

လူကြီးတွေအများစု ယူဆထားတာက ကလေးတွေကို စည်းကမ်းတင်းကြပ်မှ လူတော်လူကောင်းလေးတွေဖြစ်လာနိုင်မယ် ဆိုပေမယ့်လည်း တဖက်မှာတော့ ဒီလိုအုပ်ထိန်းမှုမျိုးကို တသတ်မှတ်တည်းကျင့်သုံးနေမယ်ဆိုရင်တော့ ကလေးတွေဟာ ကိုယ့်ကိုကိုယ် တန်ဖိုးမထားတော့ဘဲ ပိုဆိုးလာတယ်လို့ သုတေသနပြုချက်တွေမှာ လေ့လာတွေ့ရှိရပါတယ်။ တခြားကလေးတွေထက် ပိုဆိုးလာလေလေ ပိုအပြစ်ပေးခံရလေနဲ့ သံသရာလည်နေတော့မှာပါ။

စည်းကမ်းကြီးကြီးနဲ့ ကြပ်မတ်တဲ့အခါ ကလေးငယ်တွေကို အပြုအမူဆိုင်ရာတွေ ဘာကြောင့်ပိုဆိုးလာစေတာလဲဆိုတော့

(၁) သားသမီးတွေရဲ့ ကိုယ်ပိုင်စည်းကမ်းချမှတ်မှုနဲ့ တာ၀န်ယူတတ်မှုတွေကိုပိတ်ပင်လိုက်သလို ဖြစ်တတ်ပါတယ်။

ကလေးတွေအပေါ် ကန့်သတ်မှုတွေအများကြီးထားတာက သူတို့အပြုအမူကို ယာယီသဘောလောက်တော့ ထိန်းကောင်းထိန်းနိုင်ပေမယ့် ကိုယ်တိုင်စိတ်ထဲက လိုက်နာလိုစိတ်မရှိတာကြောင့် မိဘတွေကွယ်ရာမှာ လုပ်ချင်ရာလုပ်ပြီး ပိုဆိုးသွားနိုင်ပါတယ်။ ကလေးတစ်ယောက် သူ့အသိစိတ်နဲ့ သူပြုမူဆောင်ရွက်တာကနေဟာ သူ့အတွင်းစိတ်နဲ့ ပတ်သတ်လို့ တန်ဖိုးထားဖို့ကောင်းတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒါလိုဖြစ်ဖို့ကလည်း သူ့အပေါ်ကန့်သတ်ထားမှုတွေကို သူကိုယ်တိုင်နားလည်မှုရှိမှသာ ဖြစ်နိုင်မှာပါ။ ကလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေလည်း ကိုယ်ကိုလာပြီး အကန့်အသတ်နဲ့ထိန်းချုပ်လာရင် ဘယ်သူမှ မကြိုက်ကြပါဘူး။ ဒါကြောင့် သူ့တို့အပေါ်နားမလည်ဘဲ၊ ချုပ်ချယ်မှုတွေလုပ်လာတဲ့အခါ ကလေးတွေဟာ ဂလန်ကဆန်ပြုချင်ကြတာ အဆန်းမဟုတ်ပါ။

(၂) အာဏာရှင်ဆန်ဆန် အုပ်ထိန်းခြင်းက သားသမီးတွေအပေါ် စာနာနားလည်ပေးတာတွေအားနည်းတာကြောင့် ဗိုလ်ကျအနိုင်ကျင့်တတ်တဲ့ ကလေးတွေဖြစ်လာတတ်ပါတယ်။

ကလေးတွေက မိဘတွေကို စံအဖြစ်သဘောထားပြီး လိုက်အတုခိုးတတ်ပါတယ်။ မိဘတွေကို ကြောက်လို့သာ ပြောစကားနားထောင်နေရတာကြောင့် အနိုင်ကျင့်ခံနေရသလို ခံစားလာရပါတယ်။ ဒါကြောင့် မိဘတွေက သားသမီးတွေကို အော်ပြောတာ၊ ဆဲဆိုတာ ဆိုရင် သူတို့လေးတွေလည်း အဲလိုလိုက်လုပ်လာပါလိမ့်မယ်။ တစ်ခုခုကို မလုပ်လုပ်အောင် အတင်းအကြပ် ဖိအားပေးတဲ့အခါ သူတို့လည်း အဲလိုအတင်းအကြပ်ဖိအားပေးတတ်တဲ့ လူမျိုးတွေပဲဖြစ်လာပါလိမ့်မယ်။

(၃) အပြစ်ပေးတဲ့လမ်းစဉ်ကျင့်သုံးတဲ့ မိဘတွေနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ ဒေါသထွက်လွယ်ခြင်းနဲ့ စိတ်ဓါတ်ကျလွယ်ခြင်းတို့ အဖြစ်ပိုများပါတယ်။

မိဘက အမိန့်အာဏာသုံးပြီး အုပ်ချုပ်ခံရတဲ့ကလေးတွေရဲ့ စိတ်ထဲမှာ အဖေအမေဟာ သူတို့ကို နားမလည်ဘူး၊ အခက်အခဲတစ်ခုခုရှိတဲ့အခါ ကူညီဖြေရှင်းပေးမှာမဟုတ်ဘူးလို့ ခံယူလာတတ်ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကလေးဟာ အိမ်မှာနေရတာ အထီးကျန်ဆန်လာပြီး ကိစ္စတစ်ခုခုနဲ့ ကြုံတဲ့အခါ ကြိတ်ပြီး ဖြေရှင်းတာ၊ ပေါက်ကွဲလွယ်တာမျိုးတွေဖြစ်လာပါတယ်။

(၄) သိပ်စည်းကမ်းတင်းကြပ်တဲ့လမ်းစဉ်ကြောင့် ကလေးတွေစိတ်ထဲမှာ အမိန့်အာဏာသုံးတာဟာ အမြဲမှန်ကန်တယ်လို့ အထင် ရောက်စေပါတယ်။

သူများခိုင်းတာကိုသာ လိုက်နာတတ်ပြီး၊ ကိုယ်ဘာသာကိုယ် စဉ်းစား ဆင်ခြေနိုင်စွမ်းရှိဖို့ မသင်ယူကြပါဘူး။ နောင်သူတို့တွေ ကြီးပြင်းလာချိန်မှာတော့ ဘယ်လိုအရာကို လိုက်နာသင့်သလဲလို့ မေးခွန်းထုတ်မစဉ်းစားတော့ဘဲ သက်တူတန်းတူ အပေါင်းအဖော်တွေ လုပ်တာ လိုက်လုပ်တတ်လာကြပါတယ်။ ကိုယ့်အသိစိတ်ထဲက စိတ်ပါလို့လုပ်တာမဟုတ်တဲ့အတွက် တာ၀န်ယူချင်စိတ် နည်းတတ်ကြပါတယ်။

(၅) ပြင်းထန်တင်းကြပ်တဲ့စည်းကမ်းတွေကြားမှာ ကြီးပြင်းလာတဲ့ကလေးအများစုဟာ ပြောဆိုဆုံးမရတာ ခက်ခဲတတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ငယ်ရွယ်စဉ်မှာ စည်းကမ်းသိပ်တင်းကြပ်ခံရတဲ့ ကလေးငယ်တွေဟာ ဆယ်ကျော်သက်နဲ့ ကြီးကောင်ဝင်စအချိန်မှာ စိတ်တိုတာနဲ့ ရန်မူလိုစိတ်တွေပြင်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ လူက​ြီးတွေကိုပဲ ကြည့်ရအောင်။ ကျွန်တော်တို့အားလုံးဟာ အနည်းနဲ့အများဆိုသလို အတိုင်းအတာတစ်ခုထိ တင်းတင်းကျပ်ကျပ် ချုပ်ချယ်ကန့်သတ်မှုနဲ့ ကြီးပြင်းခဲ့ကြရတာပါ။ အဲဒီလို တင်းကျပ်ချုပ်ချယ်တာ ခံရတဲ့အခါ တန်ပြန်ပေါက်ကွဲတတ်ကြပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို လာဝေဖန်တာ၊ ဖိနှိပ်တာမျိုးတွေရှိလာရင် ဒေါသထွက်ပေါက်ကွဲတာ၊ မကျေမချမ်းနိုင်ဖြစ်တာမျိုးတွေ စိတ်ထဲဖြစ်တတ်တာတွေကလည်း အဲဒီသဘောပါပဲ။

(၆) စည်းကမ်းကြပ်မတ်လွန်းတဲ့အခါ ကလေးတွေဟာ မိဘတွေရှေ့မှာတော့ သူတို့အကြိုက် လုပ်ပြတတ်ပေမယ့် ကွယ်ရာမှာတော့ လုပ်ချင်ရာတွေလုပ်တတ်တဲ့ ကလေးတွေ ဖြစ်လာတတ်ပါတယ်။

နောက်တော့ သူတို့လေးတွေ လိမ်ညာဟန်ဆောင်ကောင်းသူတွေ ဖြစ်လာပါတယ်။

(၇) မိဘတွေက သူတို့သြဇာကိုသာ နာခံရမယ်လို တယူသန် အုပ်ထိန်းခြင်းတွေကြောင့် မိဘနဲ့သားသမီးကြား ဆက်ဆံရေးတွေမှာ ထိခိုက်လာစေပါတယ်။

တချိန်လုံး အပြစ်ပေးတတ်တဲ့ မိဘတွေအများစုမှာ သားသမီးတွေအပေါ် စာနာညှာတာစိတ်တွေကို ဖြတ်တောက်လိုက်သလိုဖြစ်တတ်တာကြောင့် မိဘနဲ့ သားသမီးဆက်ဆံရေးမှာ တင်းမာလာပါတယ်။ အဲဒီလို တယူသန် အုပ်ထိန်းလေ သားသမီးတွေက မလိုက်နာလေဖြစ်ပြီး၊ ပြောရဆိုရခက်လာတဲ့ ကလေးတွေဖြစ်လာပါတော့တယ်။ ဒါကြောင့် အရမ်းကြပ်မတ်လွန်းရင်လည်း မိဘတွေ ပိုစိတ်ဆင်းရဲရတဲ့ ရလာဒ်တွေဘဲ ရတတ်ပါတယ်။ ပြီးတော့ ကလေးတွေကလည်း မိဘတွေနဲ့ တချိန်လုံးရန်ဖြစ်ရပြီး၊ သူတို့အပေါ်ဂရုမစိုက်တော့ဘူးလို့ယူဆထားတာကြောင့် သိမ်ငယ်စိတ်တွေ၀င်လာပါတော့တယ်။ အဆိုးတွေကတော့ သူတို့တွေကြီးလာတဲ့အခါမှာတော့ ချစ်ခြင်းမေတ္တာကို မရှာသင့်တဲ့ နေရာတွေမှာ ရှာတတ်ကြပါတယ်။

အခြေခံအားဖြင့်ပြောရင်တော့ စည်းကမ်းကြပ်မတ်လွန်းတာက သားသမီးတွေကို ပိုလိမ္မာအောင် မလုပ်နိုင်ပါ။ ဒါ့အပြင် အဲလိုထိန်းချုပ်တာက မိဘတွေရဲ့ ကောင်းစေချင်လို့ လုပ်ထားတာတွေကို ဖျက်ဆီးသလိုဖြစ်နေတတ်ပြီး၊ သားသမီးတွေရဲ့ ဘဝမှာ ကိုယ်တိုင်စည်းစနစ်နဲ့ နေထိုင်သွားနိုင်ဖို့အတွက်လည်း ဟန့်တားသလိုဖြစ်နေတတ်ပါတော့တယ်။

Reference : ahaparenting.com မှ strict-parenting ကို ဘာသာပြန် ကိုးကားပါသည်။