ဘက်စုံဖွံ့ဖြိုးတဲ့ကလေးတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်နိုင်တဲ့ အချက် (၇)ချက်

“ကလေးတစ်ယောက်ကို အရည်အချင်းပြည့်ဝအောင်၊ ယုံကြည်မှုရှိအောင်၊ နေပျော်အောင်နဲ့ သူ့ဘဝရဲ့ရည်မှန်းချက်ဘာလဲဆိုတာ သိအောင် ပံ့ပိုးပေးတာက မိဘတိုင်းရဲ့ ပန်းတိုင်ဖြစ်ပါတယ်”လို့ Susan Stiffelman က ဆိုပါတယ်။ (Susan ဟာ ကလေးပညာရေးဆိုင်ရာကျွမ်းကျင်ကုသသူနဲ့ Parenting Without Power Struggle ရဲ့ စာရေးဆရာမတယောက်ဖြစ်ပါတယ်။) ကလေးတစ်ယောက် ဘက်စုံဖွံ့ဖြိုးဖို့က သူကျောင်းစမတက်ခင် အိမ်မှာမိဘနဲ့ အတူနေစဉ် အချိန်တွေဟာ အင်မတန်အရေးကြီးပါတယ်။ ကျောင်းပညာရေးမှာ အမှတ်ကောင်းဖို့ဆိုရင် ကလေးရဲ့ အခြေခံသင်ယူနိုင်စွမ်းကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ အဲလိုမြှင့်တင်တဲ့နေရာမှာ မိဘတွေဘက်က ဇွဲရှိဖို့ လုံ့လစိုက်ဖို့နဲ့ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အောင်မြင်မှုနှင့်အတူ ကျန်းမာပျော်ရွှင်တဲ့ဘ၀ကို ဟန်ချက်ညီညီ သင့်ကလေး နေထိုင်နိုင်ဖို့ဆိုရင် အချက် (၇) ချက်ကို ထည့်သွင်းစဉ်းစားသင့်ပါတယ်၊
(၁) သူတို့လေးတွေရဲ့ ထူးခြားတဲ့ အရည်အချင်းတွေကို မြေတောင်မြှောက်ပေးပါ။
ကလေးတယောက်စီတိုင်းမှာ ပင်ကိုယ်ထူခြားတဲ့ ပါရမီအစွမ်းအစတွေရှိပါတယ်။ ဒီလို ပါရမီမျိုးဟာကို ကျောင်းရဲ့းစာသင်ခန်းထဲမှာ ထွက်ပေါ်လာနိုင်သလို ကျောင်းပြင်ပအချိန်တွေမှာလည်း ထူးချွန်လာတဲ့ကလေးတွေလည်းရှိကြပါတယ်။တွေ့ရတတ်ပါတယ်။ သင်ကိုယ်တိုင် ကလေးနှင့်အတူ သီချင်းနားထောင်တာ၊ ကရာတေးကစားတာ၊ စိမ်ပြေးလိုက်တမ်းကစားတာ၊ အိမ်မှာအတူတူ ကခုန်တာ၊ ပိုးစုန်းကြူးလေးတွေ လိုက်ဖမ်းတာ စတာတွေဟာ ပိုက်ဆံမကုန််စရာမလိုဘဲ ကလေးရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေတဲ့ လှုပ်ရှားမှုလေးတွေဖြစ်ပါတယ်။ မိဘကိုယ်တိုင်ကလည်း ဝါသနာအသစ်တစ်ခု နှစ်ခုကို ရှာဖွေသင့်ပါတယ်။ ကလေးရှေ့မှာ အဲဒီလို ကိုယ်စိတ်ဝင်စားရာ အလုပ်သစ်တစ်ခုကို ကြိုးစားသင်ယူ လုပ်ကြည့်တဲ့အခါ သူ့အတွက်လည်း အတုမြင်အတတ်သင်သဘောမျိုးဖြစ်စေပါတယ်။
(၂) သူတို့လေးတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ချီးကျူးပေးပါ။
စတန်းဖို့တက္ကသိုလ် သုတေသနတစ်ခုမှာ တွေ့ရတာက လူတယောက်ရဲ့ အတွေးအခေါ်က သူတို့အပြုအမူပေါ် လွှမ်းမိုးနိုင်တယ်ဆိုတဲ့အချက်ပါ။ မိဘအုပ်ထိန်းသူများအနေဖြင့် သားသမီးတွေကို ချီးကျူးတဲ့အခါမှာ ဉာဏ်ကောင်းလို့ ၊ ပင်ကိုယ်အစွမ်းရှိလို့ဆိုတဲ့ အသုံးအနှုန်း တွေအစား သူတို့လေးတွေရဲ့ ကြိုးစားအားထုတ်မှုလေးကို ချီးကျူးပေးပါ။ သာမာန်အတွေးအခေါ်ရှိတဲ့သူတွေက စိန်ခေါ်မှုတွေကို အမြဲလိုလို ရှောင်တတ်ကြပါတယ်။ မွေးရာပါအရည်အချင်းရှိမှသာအောင်မြင်နိုင်လိမ့်မယ်လို့ သူတိုက ယုံကြည်ကြတယ်။ တိုးတက်လိုတဲ့အတွေးအခေါ်ရှိတဲ့ သူတွေကတော့ စိန်ခေါ်မှုတွေကို ကြိုးစားအားထုတ်လိုစိတ်နဲ့ ရင်ဆိုင်လေ့ရှိတတ်ကြတယ်။ အမြဲတမ်း အသစ်အဆန်းလေးတွေကို လေ့လာသင့်တယ်လို့ ယုံကြည်ကြတယ်။ အတော်ဆုံးကျောင်းသားတွေ အတော်ဆုံးဖြစ်နေရခြင်းဟာ အဓိကက အဆင့်(၁)(၂)ရဖို့ သူတို့ကြိုးစားတာမဟုတ်ဘဲ သူတို့စိတ်ထဲမှာရှိတဲ့ သင်ယူချင်စိတ်၊ ဆာလောင်စိတ်ကြောင့်သာ ဖြစ်ပါတယ်။
(၃) သူတို့လေးတွေရဲ့ ကွဲပြားခြားနားတဲ့ သင်ယူမှုပုံစံကို လေးစားပါ။
သင်ဟာ သင်အလုပ်လုပ်နေတဲ့ အချိန်တွေမှာ လုံး၀တိတ်ဆိတ်နေမှ အဆင်ပြေသလို သင့်ကလေးကိုလည်း အိမ်စာလုပ်တဲ့အချိန်မှာ တိတ်ဆိတ်တဲ့ နေရာလိုအပ်လိမ့်မယ်လို့ ပြောလို့မရနိုင်ပါဘူး။ ဟာ့ဘတ်စ် တက္ကသိုလ်က သုတေသနပြုစုသူ Howard Gardner က ကလေးတွေအကောင်းဆုံးသင်ယူနိုင်ဖို့ ဉာဏ်ရည် (၈)မျိုး အချို့ ဖြစ်တဲ့ ဂီတဆိုင်ရာဉာဏ်ရည်၊ ယုတ္တိဗေဒနှင့် သင်္ချာဆိုင်ရာဉာဏ်ရည်၊ ဘာသာဗေဒဆိုင်ရာဉာဏ်ရည်၊ လူမှုဆက်ဆံရေးဥဏ်ရည်စသည်များဖြင့် သက်သေပြထားပါတယ်။ သင့်ကလေးက ဘယ်ဉာဏ်ရည်ဉာဏ်သွေးမှာ အားသာချက်ပိုရှိလဲဆိုတာကို သတိထားပေးရပါမယ်။ အဲဒါမှသာ ကလေးတွေဟာ သူတို့ စိတ်၀င်စားတဲ့ အကြောင်းအရာတွေကို သူတို့အားသာတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှာပါ။ ဥပမာ ကျောင်းနေအရွယ်ကလေးတစ်ယောက်ဟာ အမြင်ပိုင်းဆိုင်ရာဉာဏ်ရည် ဖွံ့ဖြိုးသူဆိုရင် အမြှောက်အလီဇယားလို ဂဏန်းတွေကို သူ့အတိုင်းမဟုတ်ဘဲ ထင်သာမြင်သာဖြစ်တဲ့ စာလုံးရုပ်ပုံပါတဲ့ကတ်ပြားလေးတွေသုံးခြင်းဖြင့် သူ့အတွက် ပိုလွယ်လွယ်နဲ့ မှတ်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးက လူမှုဆက်ဆံရေးဉာဏ်ရည်ထက်သန်သူဆိုရင်တော့ သူရဲ့ ေဝါဟာရသင်ယူမှုကို ကူညီတဲ့အနေနဲ့ သူနဲ့ဆက်စပ်နေတဲ့ လူတွေဖြစ်တဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ သမိုင်းတွင်ကျော်ကြားသူတွေအကြောင်း ပုံဖော် ဥပမာပေးရင်း သင်ပေးနိုင်ပါတယ်။
(၄) သူတို့လေးတွေကို စာအုပ်ဖတ်ပြပေးပါ။
သင့်ကလေးကို ပုံပြင်စာအုပ်တွေကို စောနိုင်သမျှစောစော ဖတ်ပြနိုင်လေ ကောင်းလေပါ။ ကျောင်းမတက်ခင် ကတည်းက စာဖတ်ပြဖို့နဲ့ အိမ်မှာ စာကြည့်တိုက်အသေးစားလေးလုပ်ပေးခြင်းဟာ ကလေးကို ဘာသာစကားဖွံဖြိုးတိုးတက်စေပါတယ်၊ စာဖတ်စွမ်းရည်တိုးတက်စေသလို စာသင်ကျောင်းမှာလည်း ထူးချွန်တဲ့ကလေးဖြစ်လာစေနိုင်ပါတယ်၊ သင့်ကလေးငယ်က သင်ဖတ်ပြသမျှစာလုံးတိုင်းကို နားမလည်နိုင်သေးပေမယ့် ဘာသာစကားရဲ့ စည်းချက်ကို နားထောင်ရင်း စကားလုံးတွေ နားရည်ဝနိုင်ပါတယ်လို့ မိဘအုပ်ထိန်းခြင်းဆိုင်ရာ စာရေးဆရာမ Susan M.Hein က ဆိုပါတယ်။ အမှန်တကယ်တော့ စာဖတ်ခြင်းကသာ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။ UK က ပညာရေးတက္ကသိုလ်တစ်ခုရဲ့ လေ့လာချက်အရ မိဘတွေက နေ့စဉ်စာဖတ်ပြလေ့ရှိတဲ့ (၅)နှစ်အောက် ကလေးတွေဟာ ကျောင်းမှာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာ သိပ်မရှိတာကို တွေ့ရှိခဲ့ပါတယ်။
(၅) သူတို့လေးတွေနဲ့ ညစာအတူစားပေးပါ။
အချက်အပြုတ်မကျွမ်းကျင်တဲ့မိဘတွေ ဒီနေရာမှာ စိုးရိမ်စရာမရှိပါဘူး။ ဘာလို့လည်းဆိုတော့ ဒီနေရာမှာ ထမင်းဝိုင်းက ကြက်သားဟင်း အရသာကောင်းတာ၊ မကောင်းတာထက် မိသားစု လက်စုံစားခြင်းဆိုတဲ့ အနှစ်သာရဆီကနေ ရေရှည်မှာ ကလေး တွေအတွက် စိတ်ခံစားမှုပိုင်းဆိုင်ရာအကျိုးအမြတ်တွေဖြစ်ထွန်းစေလို့ပါ။ ညစာစားရင်း “ ဒီနေ့အဆင်ပြေလား၊ သိပ္ပံချိန်မှာ ဘာတွေဆွေးနွေးကြလဲ၊ စာမေးပွဲအတွက် စာကျက်နေတာဘယ်လိုအခြေအနေရှိလဲ” စသဖြင့် စကားစမြည်လေးတွေက သင့်ရဲ့ မိသားစုအပေါ်ထာတဲ့တန်ဖိုးကို ကလေးတွေကိုပြနေတာတွေပဲဖြစ်ပါတယ်။ ကလေးငယ်တွေမိဘနဲ့အတူ အနည်းဆုံးတစ်ပတ်ကို (၅)ကြိမ်လောက်ထမင်းစားလေ့ရှိသူတွေက ကျောင်းစာမှာ အမှတ်ကောင်းပြီး၊ စားချိန်သောက်ချိန်မမှန်တဲ့အကျင့်လည်း သိပ်ဖြစ်လေ့မရှိဘူးလို့ ကိုလံဘီယာတက္ကသိုလ်ရဲ့ လေ့လာချက်တစ်ခုမှာတွေ့ရပါတယ်။ တကယ်လို့ ညစာအတူမစားနိုင်ရင် အတူတူစားနိုင်မယ့်( မနက်စာ သို့မဟုတ် နေ့လည်စာ) ဖြစ်ဖြစ် အတူစားပေးနိုင်ပါတယ်။
(၆) သူတို့လေးတွေရဲ့ အိပ်ချိန်ကို သတ်မှတ်ပေးပါ၊
ကလေးတွေကို ပုံမှန်အိပ်ချိန်သတ်မှတ်ပြီး ညတိုင်း လေ့ကျင့်ပေးတာက သူတို့တွေရဲ့ ဖွံ့ဖြိုးမှုအတွက် အကျိုးရှိစေပါတယ်။ ပြီးတော့ မအိပ်ခင် နာရီ၀က်အလိုမှာ ကွန်ပြူတာနှင့် တီဗွီတွေကိုပိတ်ထားဖို့ အကြံပြုထားပါတယ်။ တကယ်လို့ ဖုန်းအသုံးပြုခွင့်ပေးထားရင်လည်း မအိပ်ခင်ပြန်သိမ်းပေးဖို့လိုအပ်ပါတယ်။ ၆၂ ရာခိုင်နှုန်းသောကလေးတွေက သူတို့မိဘတွေ အခန်းမီးပိတ်ပြီးထွက်သွားချိန်မှာ ဖုန်းတွေကိုခိုးသုံးကြောင်း၀န်ခံထားပါတယ်။ ၂၀၀၅ခုနှစ်တုန်းကTel Aviv တက္ကသိုလ် သုတေသနပြုသူများက ကလေးငယ်တွေ နှစ်ရှည် ရက်ဆက် တနေ့ တစ်နာရီအိပ်ရေးပျက်ခြင်းက ကလေးရဲ့ ဦးနှောက်အလုပ်လုပ်နိုင်စွမ်းကျဆင်းလာကြောင်းတွေ့ရှိထားပါတယ်။ စာမေးပွဲမတိုင်ခင် အိပ်ရေးလျှော့အိပ်တာဟာ ပုံမှန် ၆တန်းအဆင့်ရှိတဲ့ဉာဏ်ရည် လုပ်ဆောင်မှုကနေ ၄တန်းအဆင့်လောက်ကို ကျဆင်းသွားပါတယ်။
(၇) သူတို့ကို ကြင်ကြင်နာနာပွေ့ဖက်ခြင်း မကြာခဏ ပြုလုပ်ပေးပါ။
သင့်ကလေးကို မကြာခဏပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးမှုကိုလျော့စေပြီး လုံခြုံစိတ်ချမှုကို ရရှိစေပါတယ်။ မိဘတွေရဲ့ လျစ်လျူ ရှုခြင်းကို ခံရတဲ့ကလေးတွေမှာ နာတာရှည်စိတ်ဖိစီးစေပါတယ်။ ပြီးတော့ အာရုံစူးစိုက်ခြင်း၊ သင်ယူခြင်းနဲ့ မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက်ရဲ့ အစိတ်အပိုင်းလေးတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တယောက်နဲ့တယောက်ပွေ့ဖက်ခြင်းဟာ စိတ်ဖိစီးခြင်းနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေဖြစ်တဲ့ စိတ်ခံစားမှု၊ အပြုအမူ နှင့် ရုပ်ပိုင်းဆိုင်ရာ ပြသာနာများကို သက်သာစေပါတယ်လို့ ၂၀၀၅ခုနှစ်အတွင်းက အမေရိကန်နိုင်ငံကျန်းမာရေးဂျာနယ်တစ်ခုက ထုတ်ပြန်ကြေညာထားပါတယ်။ ဒါကြောင့် သင့်ကလေးကို ကြင်ကြင်နာနာ ပွေ့ဖက်ခြင်းဟာ သူ့ရဲ့ အာရုံစူးစိုက်မှုကို တိုးတက်စေရုံတင်မဟုတ်ဘဲ သင့်ကိုယ်တိုင်လည်း အကျိုးကျေးဇူးတွေရရှိမှာဖြစ်ပါတယ်။