ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

နော်ဝေနိုင်ငံမှ စိတ်ဝင်စားဖွယ် ကလေး ပျိုးထောင်နည်း (၁၀) ချက်

နော်ဝေနိုင်ငံမှ စိတ်ဝင်စားဖွယ် ကလေး ပျိုးထောင်နည်း (၁၀) ချက်

နော်ဝေ နိုင်ငံသည် အနောက် ဥရောပ နိုင်ငံ တစ်ခုဖြစ်ပြီး၊ ၂၀၁၈ ကမ္ဘာ့ ကုလသမဂ္ဂ၏ ကလေးများ ပြုစု ပျိုးထောင်ရန် အကောင်းဆုံး နိုင်ငံများတွင် အဆင့် (၃) နေရာမှ ရရှိထားသော နိုင်ငံလည်း ဖြစ်သည်။ ရှေးယခင်က Viking ခေါ် လူကြမ်းကြီးများ ကျင်လည်ကျတ်စားခဲ့သော နေရာလည်း ဖြစ်သည်။ ၎င်း ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများမှာ အနောက်နိုင်ငံများနှင့် မတူပဲ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ယခု ‌အမေရိကန်မှ ‌အမျိုးသမီး တစ်ဦး၏ နော်ဝေမှ အတွေ့အကြုံများကို ဗဟုသုတ အလို့ငှာ ဝေမျှလိုက်ပါသည်။

ကိုယ်ဝန်ဆောင် ကာလ

နော်ဝေမှ မိခင်လောင်း တော်တော်များများသည် ကိုယ်ဝန်ဆောင် ကာလအတွင်း မီးဖွားဆရာဝင် (အိုဘီ) များကို ပြလေ့ မရှိပါ။ သားဖွား ဆရာမ (midwife) များဖြင့်သာ ကိုယ်ဝန်ကို ပြသ‌ စောင့်ရှောက်ကြပါသည်။ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများတွင် ကိုယ်ဝန်ရှိနေသည်ဟု ယူဆသည်နှင့် တပြိုင်နက် ဆရာဝန် ပြသသည်မှာ ထုံးစံပင် ဖြစ်သည်။ နော်ဝေတွင်မူ ကိုယ်ဝန်ဆောင် ၁၅ ပတ် ပြည့်မှသာ သားဖွား ဆရာမက ကြည့်လေ့ ရှိပြီး၊ ကလေးမွေးသည် အထိ အောက်ထရာဆောင်း (ultrasound) တစ်ခါသာ ရိုက်ပေးလေ့ ရှိသည်။

မီးဖွားချိန် ကာလ

မီးဖွားရာတွင် ပုံမှန် ဋ္ဌာနနှင့် “ဆေးလွတ် (no drug)” ဋ္ဌာနများ ရှိ‌ပေရာ ပုံမှန် ဋ္ဌာနမှာ လူများလျှင် တခြားဆေးရုံသို့ လွဲပြောင်းပေးတတ်သောကြောင့် ဆေးလွတ်ဋ္ဌာနကို ရွေးချယ်ခဲ့သည်။ ဆေးလွတ်ဋ္ဌာနမှာ တကယ်ပင် ဆေးလွတ် ဖြစ်ပါသည်။ ဘာဆို ဘာဆေးမှ မပေးပါ။ တခြားနိုင်ငံက ဆေးရုံတွေမှာ ဆေးပေးသော်လည်း၊ “ဆေးလွတ်” ဆေးရုံတွင် ဘာဆေးကိုမှ မပေးပါ။ ပထမ နည်းနည်း စိုးရိမ်သွားမိပါသည်။ သို့ရာတွင် ဆေးကို လိုသည် ဖြစ်စေ၊ မလိုသည် ဖြစ်စေ သုံးနေခြင်း၏ ဆိုးကျိုးများကို ရှင်းပြ၍ ဤ‌ဆေးလွတ် ဆေးရုံသည် စဉ်းစား ဆင်ခြင်၍ လိုအပ်သလို ဆုံးဖြတ်ချက် ချသည်ကို သိရှိရပါသည်။

ကျောင်း

ကလေး (၂) ယောက်စလုံး Barnehage (“ကလေးတို့ ဥယာဉ်”) မှာ ကျောင်းတတ်ပါသည်။ ထိုကျောင်းမှာ မူကြိုနှင့် ကလေးစောင့်ရှောက်‌ရာ နေရာ ဖြစ်သည်။ နော်ဝေတွင် ကလေး အများစုမှာ အသက် တစ်နှစ်မှ စ၍ Barnehage မှာ ထားလေ့ ရှိသည်။ အစိုးရမှ ကျောင်းလခ အချို့ကို ထောက်ပံ့ပေးသည်။ မိဘများ အလုပ်ခွင်ကို ပြန်လည် ဝင်ရောက်စေလိုသောကြောင့်လည်း ဖြစ်သည်။ တစ်လတွင် ဒေါ်လာ ၃၀၀ ခန့်မျှ ကုန်ကျပြီး၊ နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ ကလေးကို ထားလို့ ရသည်။ အချိန် အများစုမှာ အပြင်တွင် ဆော့ကစားစေခြင်း (သို့) ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာခြင်းဖြင့် ကုန်ဆုံးစေသည်။ အချို့ Barnehage တွင် အပူချိန် ၁၄ ဒီဂရီ အောက်မှသာ အခန်းထဲတွင် နေ‌ကြရ၏။ အပြင်မှာ အေးစပ်နေစေကာမူ၊ အပြင်မှာ လက်အိတ်စွပ်ပြီး နေလည်စာ စားကြသည်။ မိမိကလေး အ‌အေးမိမည်ကို စိုးရိမ်မိပါသည်။ သို့သော် နော်ဝေသားကမူ ထိုမှသာ ပိုမို ကြံ့ခိုင်မည်ဟူ၍ ဆိုကြသည်။

အိမ်နီးနားချင်း

နော်‌ဝေတွင် လူများသည် အမေရိကန်ကဲ့သို့ ဖော်ရွှေခြင်းလောက် မရှိကြပါ။ အမေရိကန်တွင် ကိုယ်ဝန်ဆောင်များ တွေ့လျှင် ပြုံး၍ နှုတ်ဆတ်ခြင်း၊ တံခါးဖွင့်ပေးခြင်း၊ အကူအညီ လာပေးတတ်ခြင်း စသည်ဖြင့် တွေ့ရှိရသည်။ ကစားတွင်းများတွင် မိခင်များ စကားစမည် ဆိုတတ်ကြသည်။ နော်ဝေတွင် ဤသို့ အပြုအမူမျိုး မတွေ့ရသလောက်ပင်။ ကိုယ်အား ကိုယ်ကိုး၊ ကိုယ်ဖာသာကိုယ် နေတတ်လေ့ ရှိသည်။ လွန်ခဲ့သော ၈ နှစ်ခန့် နော်ဝေသို့ စပြီး ရောက်ကာစတွင် ကလေးမွေးပြီးစ အိမ်နီးနားခြင်း အိမ်ကို ကိတ်မုန့်တစ်လုံး ဖုတ်ပြီး သွားပေးဖူးပါသည်။ သူ့တို့ မျက်နှာတွင် လွန်စွာ အံ့ဩဟန် ရှိသည်။ နော်ဝေတွင် လူတိုင်းသည် အကူအညီ တောင်းရန် ဝန်လေးသလို ရှိသည်ဟု ထင်မိသည်။ တမျိုးလည်း ကောင်းပါသည်။ အမေရိကန်တွင် စိတ်မပါသော်လည်း ယဉ်ကျေးမှု အရ အားနာပါနာ စကားပြောနေရတတ်သည်။ နော်ဝေတွင် ကိုယ်စကားမဆိုလည်း မရိုင်းပါ။ ဒီမှာ ဆံပင်သွားညှပ်ရသည်မှာ အလွန် စိတ်ချမ်းသာသည်။ ဆံသဆရာနှင့် အာလာပ သာလာပ စကားတွေ ပြောရန် မလို။

အခက်အခဲ

အမေရိကန်တွင် သက်တောင့်သက်သာ နေထိုင်ရခြင်းကို တန်ဖိုးထား နှစ်သက်ကြသည်။ နော်ဝေတွင်မူ အခက်အခဲကြားတွင် ရင်ဆိုင်ရသည်ကို တန်ဖိုးထားကြသည်။ ဥပမာအားဖြင့် နော်ဝေသားများသည် အပျော်ခရီး သဘောဖြင့် သစ်တောထဲတွင် သွားရောက်နေထိုင်ခြင်းကို နှစ်သက်ကြသည်။ တောထဲတွင် ငှက်များ လိုက်ကြည့်ခြင်း၊ ပန်းများကို ကြည့်ရှု့ခြင်းတို့ကို ခုံမင်ကြသည်။ နော်ဝေနိုင်ငံသည် ပထဝီ သဘာဝ အရ ကြမ်းတမ်းပြီး၊ လူနေ သိပ်သည်းမှု နည်းပါးသော နိုင်ငံဖြစ်သည်။ ရာသီဥတုမှာ အင်မတန် ကြမ်းတမ်းသည်။ ထိုကြောင့်ပင် ဤသို့သော အရပ်ဒေသတွင် အသက်ရှင်နေထိုင်ရန် အခက်အခဲများကို ရင်ဆိုင်ကျော်လွှားနိုင်စွမ်းနှင့် စိတ်ဓာတ်မှာ အလိုလိုပင် ပေါ်ပေါက်လာဟန် တူပေသည်။

ကလေး ကစားကွင်း

လူတိုင်း နည်းပါးမှာ အလုပ်ခွင် ဝင်နေကြပြီး ကစားကွင်းကို သွားသည့် အလေ့အထ မရှိကြပါ။ မိမိ ရောက်ကာစက ကလေးများမှာ ကျောင်းမတတ်သေး၍ အိမ်မှာသာ အချိန်ကုန်နေကြရသည်။ ဘာမှ လုပ်စရာ မရှိပါ။ ကလေး ကစားနိုင်သော နေရာများ၊ သွားရောက် လည်ပတ်နိုင်သော ပြတိုက်များမှာ အနည်းငယ်မျှသာ ရှိသည်။ ကလေးများမှာ Barnehage တွင် ‌အချိန်ကုန်နေပြီး၊ မိဘများမှာ အလုပ်လုပ်နေကြသည်။

အလုပ်ခွင်

နော်ဝေ နိုင်ငံတွင် မီးဖွားခွင့်ရက်မှာ လစာပြည့် ၁၀ လ (သို့မဟုတ်) လစာ ၈၀% ဖြင့် တစ်နှစ် ခွင့်ရရှိသည်။ မီးဖွားခွင့် ကုန်ဆုံးသည်နှင့် လူတော်တော်များများမှာ အလုပ်ခွင်သို့ ပြန်ဝင်ကြသည်။ နော်ဝေ၏ Oslo မြို့တော်မှာ စျေးကြီးသော ကမ္ဘာ့ မြို့တော်ကြီးများတွင် အပါအဝင် ဖြစ်သည်။ အမျိုးသမီးများ အနေဖြင့် ခင်ပွန်းသည် တစ်‌ယောက်ထဲ ဝင်ငွေဖြင့် မှီခို မနေနိုင်ပါ။ ထို့အပြင် နော်ဝေတွင် လူတိုင်း အလုပ်လုပ်ကြသည်မှာ ထုံးစံတစ်ခုပင် ဖြစ်သည်။ အလုပ်မလုပ်ရင် တန်ဖိုးမရှိပါ။

အိမ်ထောင်

နော်ဝေ၏ အလုပ်ချိန်မှာ အမေရိကန်ထက် နည်းသည်။ ဥပမာ အစိုးရ အလုပ်သမားများသည် ပျမ်းမျှ တစ်ပတ်လျှင် ၃၇.၅ နာရီ ရှိသည်။ နံနက် ၈ နာရီမှ ညနေ ၃ နာရီ ၄၅ မိနစ်၊ တစ်ပတ် ၅ ရက် အလုပ်ဝင်ကြသည်။ ညစာကို ညနေ ၅ နာရီခန့်တွင် လူစုံ စားကြလေ့ရှိသည်။ အိမ်ထောင်များတွင် ခင်ပွန်းနှင့် ဇနီးမှာ တန်းတူ ညီတူ ရှိကြသည်။ အိမ်အလုပ်များကို အတူတူပင် လုပ်ကြရသည်။ ယောင်္ကျားများသည်လည်း မီးဖိုချောင် ဝင်ပြီး ချက်ပြုတ်ကြသည်။ ကလေးထိမ်းရသည်။ Barnehage မှာ ကလေးကြိုရာတွင် ‌အမေတွေ‌ကော၊ ‌အဖေတွေပါ လာကြိုသည်ကို တွေ့ရသည်။ တန်းတူရှိသည်ကို တွေ့ရသည်။

အသင်းအဖွဲ့

နော်ဝေတွင် janteloven ဆိုသော အခေါ်‌အ‌ဝေါ် ရှိသည်။ အဓိပ္ပါယ်မှာ လူတိုင်းသည် အဖွဲ့အစည်း၏ တစိတ်တဒေသမျှသာ ဖြစ်သည်။ မည်သူသည် မည်သူထက်မျှ ပိုသာခြင်း၊ ခြားနားခြင်း မရှိ။ အမေရိကန်တွင်မူ တစ်ဦးတစ်‌ယောက်၏ စွမ်းအားကို ပိုပြီး အလေးထားသည်။ သူက ဘယ်သူ ဘယ်ဝါမို့လို့၊ ဘာ အကောင်ကြီးမိုလို့ ဆိုသော ‌အတွေး‌အခေါ်မျိုး နော်ဝေတွင် မရှိပါ။ အများ အကျိုးကို မိမိ တစ်ဦး အကျိုးထက် ဦးစားပေးသည်။ မိမိကိုယ်ကို အမွန်းတင်ခြင်း၊ ထောင်လွှားခြင်းများကို လုပ်လေ့ မရှိပါ။ ဤသည်မှာ janteloven ပင် ဖြစ်သည်။

အစားအစာ

နော်ဝေတွင် အစားအစာ အနေဖြင့် သိပ်အရေးထားခြင်း မရှိပါ။ ပြင်သစ်၊ အီတလီတို့တွင် အစားအသောက်ကို အင်မတန် အလေးထားသည့် ဓလေ့မျိုး နော်ဝေတွင် မတွေ့ရ။ နေ့လည်စာ တော်တော်များများမှာ ပေါင်မုန့်နှင့် ဒိန်ခဲများကို ပုံမှန်ပင် စားကြသည်။ နေ့တိုင်းလိုလိုပင် အစားအစာမှာ မထူးခြားနားပင် ဖြစ်သည်။ နော်ဝေသားတို့ ပေါင်မုန့် ကြက်/ဝက်အူချောင်း (hotdog) အင်မတန် ကြိုက်နှစ်သက်ကြသည်။ ဆီဆိုင်၊ ikea (ကမ္ဘာကျော် ပရိဘောဂဆိုင်) များတွင် ရောင်းလေ့ ရှိသည်။ ကလေး မွေးနေ့များတွင်လည်း hotdog များဖြင့် ကျွေးမွေး ဧည့်ခံကြသည်။ နွေရာသီတွင် မီးဖိုပေါ်တွင် ကင်လေ့ ရှိပြီး၊ ဆောင်းရာသီတွင် အိုးဖြင့် ပြုတ်လေ့ ရှိသည်။ နော်ဝေသားတို့ အတွက် hotdog သည် အချိန်မရွေး၊ နေရာမရွေး စားသုံးနိုင်သော အစားအစာပင် ဖြစ်သည်။