ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

နွေးထွေးသောမိသားစု ဝိသေသ (၇)ချက်

နွေးထွေးသောမိသားစု ဝိသေသ (၇)ချက်

ဘဝမှာ တစ်ခါတစ်လေ ခက်ခဲတဲ့အချိန်မျိုး၊ မအောင်မြင်တဲ့အချိန်မျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ဘာသာကိုယ် အားတင်းရင်း၊ အတွေ့အကြုံဟောင်းတွေကို အသုံးချပ​ြီး ပိုမို ကောင်းမွန်လာအောင် ကြိုးစားရပါတယ်။ ဒီလို အခက်အခဲတွေဟာ မိသားစုကိုပါ ထိခိုက်တာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်လက်မဲ့ ဖြစ်သွားတဲ့အချိန်မျိုးပေါ့။ အဲဒီအခြေအနေမျိုးမှာ မိသားစု မပြိုကွဲအောင် ထိမ်းနိုင်သလား၊ ဒါမှမဟုတ် စိတ်ဖိစီးမှု အောက်မှာပြိုကွဲသွားသလား ဆိုတာက သင့်မြတ်ပျော်ရွှင်တဲ့ မိသားစု၊ နွေးထွေးသော မိသားစု ဖြစ်၊ မဖြစ်ပေါ်မှာ အများကြီး မူတည်ပါတယ်။

သင့်မြတ်ပျော်ရွှင်တဲ့ မိသားစု တစ်ခုဆိုတာ အလွယ်တကူနဲ့တော့ ဖြစ်မလာပါဘူး။ အခက်အခဲတွေ ကြုံလာတဲ့အခါတိုင်း၊ မိသားစုဝင်တွေက တယောက်နဲ့တယောက် ဖေးဖေးမမ ကူညီစောင့်ရှောက်ကြဖို့ လိုပါတယ်။ ဒီလို မိသားစုတစ်ခုမှာ အောက်ပါ ဝိသေသ (၇)ချက် ရှိပါတယ်။

(၁) အိမ်ရဲ့ စည်းကမ်းနှင့် တန်ဖိုး သတ်မှတ်ပါ

မိဘက စပြီးတော့ အိမ်ရဲ့ စည်းကမ်းနှင့် တန်ဖိုး သတ်မှတ်ပေးလို့ ရပါတယ်။ သားသမီးတွေကလည်း ဆွေးနွေးပေးနိုင်ပါတယ်။ ဥပမာ ရိုင်းစိုင်းတဲ့ စကားလုံး မသုံးရဘူး၊ လိမ်မပြောဘူး အစရှိသဖြင့် သဘောတူညီချက် ယူထားလို့ ရပါတယ်။

(၂) တစ်ယောက်နဲ့ တစ်ယောက် ပိုမိုပြီး နားလည်နိုင်အောင် ကြိုးစားပါ

တယောက်ကို တယောက် ဂရုစိုက်ကြောင်း ပြသနိုင်သောနည်းတွေ အများကြီးရှိပါတယ်။ အချို့က လက်ဆောင်ပစ္စည်းလေး ဝယ်ပေးကြတယ်။ တချို့ဟာ အတူတူ အချိန်ကုန်ပေးတယ်။ အချို့က နှုတ်ကနေဖွင့်ပြီး ပြောပြတတ်တယ်။ တချို့က ကိုယ်အမူအယာ နဲ့ ပြတယ်။ အရေးကြီးတဲ့ အချက်က သူတို့ ဘာကို လိုချင်တယ် ဆိုတာကို နားလည်နိုင်ဖို့ လိုပါတယ်။ ကလေးက သူ့ကို ချီးကျူးစကား ကြားချင်တယ်၊ ဇနီးသည်က လက်ဆောင်တွေ ပေးမယ့်အစား၊ သူနဲ့အတူတူ လျှောက်လည်တာမျိုး လိုချင်တယ်။ နားလည်နိုင်အောင် ကြိုးစားပါ။

(၃) အတူတူ ပုံမှန် အချိန်ထားပါ

မိသားစု ပုံမှန် အချိန်ပေးခြင်းအားဖြင့် ကလေး မိဘ ရင်းနှီးစေပါတယ်။ ညစာအတူတူစားတာမျိုး၊ မိသားစုနဲ့အတူ အပြင်ထွက်လည်တာမျိုး၊ မွေးနေ့တို့ ပျော်ပွှဲရွှင်ပွဲ လုပ်ပေးတာမျိုးနဲ့ မိသားစု အချိန် သတ်မှတ်ပါ။

(၄) အပြောင်းအလဲတွေနဲ့ ကြုံလာရင် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သင်ကြားပေးပါ

ကျောင်းပြောင်းရွှေ့တာမျိုး၊ အလုပ်အကိုင် ပြောင်းလဲရှိတဲ့အခါမျိုးမှာ တမိသားစုလုံးအတွက် အခက်အခဲတွေ အနည်းအများ ရှိတတ်ပါတယ်။ ကလေးတွေကို ဒီ အပြောင်းအလဲအပေါ် ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ သင်ကြားပေးပါ။ အမှား လုပ်မိမှာ မစိုးရိမ်ဖို့နှင့်၊ လုပ်မိတဲ့အချိန်မှာ ဘယ်လိုသင်ခန်းစာ ယူပြီးတော့ ရင်ဆိုင်ရတယ်ဆိုတာ လက်တွေ့ ပြသပေးပါ။

(၅) အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကြပါ

အခက်အခဲတွေ ကြုံလာတဲ့အခါ ကိုယ့်ဘာသာကို လျှို့ဝှက်ထားမယ့်အစား၊ မိသားစုနဲ့အတူတူ စဉ်းစားပီး ရင်ဆိုင်တဲ့ အလေ့အထ ရှိအောင် လေ့ကျင့်ပေးပါ။ အိမ်အလုပ်ကိစ္စ တချို့ကိုလည်း ဝေမျှပေးပါ။ ကလေးကိုလဲ ကလေးနဲ့ တန်တဲ့အလုပ်မျိုး လုပ်တတ်တဲ့အကျင့် လုပ်ပေးပါ။

(၆) အကူအညီတောင်းဖို့ မကြောက်ပါနှင့်

မိသားစုဝင် အချင်းချင်းထဲမှာ အကူအညီ လိုလာရင် တောင်းယူတတ်ဖို့ သင်ပေးပါ။ အကူအညီကို ဘယ်အချိန်မှာ ဘယ်လို တောင်းယူတတ်ဖို့ ဆိုတာ မိမိကိုယ်ကလည်း စိတ်ဓာတ်ကြံ့ခိုင်မှသာ နားလည်သဘောပေါက်မှာပါ။ လူတော်တော်များများက အားနာတာနဲ့၊ ရှက်ရတာနဲ့ အကူအညီ မတောင်းတတ်ဘူး။ ကလေးကို အကူအညီလိုရင် တောင်းရတယ် ဆိုတဲ့ အသိဉာဏ်ပေးပါ။

(၇) အနားယူဖို့လည်း မမေ့ပါနဲ့

အခက်အခဲတွေ ကျော်လွှားပြီးသွားတဲ့အချိန် ရောက်ရင် မိသားစုနဲ့ အတူတူ အနားယူဖို့လည်း အချိန်ပေးပါ။ မိသားစုကြား အဖုအထစ် ကလေးတွေ ရှိခဲ့ရင်လည်း ဒီအချိန်ဟာ ပြန်ပီးတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်အောင် ယုံကြည်မှုရှိအောင် ကြိုးစားပါ။

အခက်အခဲတွေ ဆိုတာ အမြဲ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေတာမို့ နွေးထွေးသော မိသားစုကြား စိတ်ရှည်ပါ ခွင့်လွှတ်တတ်ပါ။ သင့်မြတ်ပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် ကြိုးစားရာမှာ လက်မလျှော့ပါနဲ့။