ကလေးကို ရိုက်နှက်ပြီး ဆုံးမသင့်ပါသလား

ကျွန်တော်တို့ မြန်မာ အသိုင်းအဝိုင်းမှာ ကလေးကို ရိုက်ပြီး ဆုံးမတာ မကြာခဏ တွေ့ရပါ၏။ ကျွန်တော်တို့ ငယ်ငယ်က အရိုက်မခံဘူးသူ ဆိုတာ အင်မတန် ရှားပါဘိ။ “အိုးကောင်းလိုရင် နာနာရိုက်” တဲ့။ ကလေးတွေကို ရိုက်နှက်ပြီး ဆုံးမတာကို အားပေးစကားမျိုးတောင် ထားခဲ့ဘူး၏။ လူကြီးလွန်သလား ဆိုသောလည်း အကုန် မမှန်။ တချို့ကလေးတွေက အလွန်ပင် ဆိုး၏။ တုတ်ကြီးကြီးနှင့် နာနာ တီးချင်စိတ်ပေါက်အောင် သောင်းကျန်းသူ အသေးစားလေးများ ဖြစ်၏။
ဒီတော့ ရိုက်ပြီး ဆုံးမသည်က မှန်သလား။ ထိရောက်မှု ရှိသလား။ တုတ်ကောင်းကောင်း နာနာတီး၊ များများတီးလျှင် လူတော်လူကောင်းလေးများ ဖြစ်လားသလား။ သို့မဟုတ် ပိုပြီး ဆိုးရွားလာသလား။
ဒီတော့ မရိုက်နှက်ဘဲ သူတို့ကို အလိုလိုက်၊ ချော့မော့နေသော် လူပျင်း လူဖျင်းများ ဖြစ်လာသလား။
ကလေးစိတ်ပညာရှင်တွေက ဤသို့ ဆို၏။ လူတိုင်းသည် မိမိတို့ ငယ်စဉ်အရွယ်က မိဘများ၏ ဆိုဆုံးမပုံ အပေါ် မူတည်၍ တစ်ဘက်ဘက်ကို ယိမ်းကြလိမ့်မည်။ သဘောတူကြလိမ့်မည်။ ရိုက်ခြင်းသည် ကောင်း၏၊ မကောင်း၏ ဆိုသော ယူဆချက်မှာ သူတို့၏ ငယ်ဘဝ အတွေ့အကြုံက ဆုံးဖြတ်ပေမည်။
ငယ်ငယ်က မကြာခဏ အရိုက်ခံပြီး ကြီးပြင်းလာသော မိဘများက ရိုက်နှက်ခြင်းကို မနှစ်သက်။ အားပေးမည် မဟုတ်။ ရိုက်မည် ပြုတိုင်း သူ၏ အတိတ်က အရိပ်မည်းကြီးကို သတိပြန်ရနေပေလိမ့်မည်။ ထိုနည်းတူ အလိုလိုက်ခံပြီး ပျက်ဆီးသွားသော မိဘအနေဖြင့် သူတို့၏ သားသမီးကို အလိုလိုက်ထားမည်သလော။ မပျက်ဆီးအောင် ရိုက်ပြီး ဆုံးမမည်လော။ မပြောတတ်။
သို့မဟုတ် ပြောင်းပြန်လည်း ဖြစ်လာနိုင်သည်။ အရိုက်ခံပြီး ကြီးပြင်းလာသော မိဘများက သားသမီးများကို ဆက်လက် ရိုက်နှက်ဆုံးမလေ့ ရှိပြီး၊ အလိုလိုက်ခံ ကြီးပြင်းလာသော မိဘများက သားသမီးများကို ဆက်လက် အလိုလိုက်ထားလေ့ ရှိ၏။
ကိုယ်တိုင် အတွေ့အကြုံ
ကျွန်ုပ်သည် သမီးတစ်ယောက် ရှိသော မိဘတစ်ယောက် ဖြစ်၏။ သမီးအား တစ်ခါမှ မရိုက်ဘူးပါ။ သမီးက အရမ်း လိမ်မာလွန်း၍ မဟုတ်။ သမီးသည် သာမန် ကလေးတစ်ယောက်သာ ဖြစ်၏။ လိမ်မာသည် အခါ ရှိသလို၊ ဆိုးသည်အခါတွေလည်း ရှိ၏။ သို့ရာတွင် ရိုက်နှက်၍ ဆုံးမရန် လိုအပ်သော အချိန်အခါမျိုးကို ယခုထိ မတွေ့မိသေး။
ကလေးသည် အမှားလုပ်မိ၊ ဆိုးလျှင် သူ့အမှားကို သိအောင် သင်ပေးသည်။ ကျွန်ုပ်တို့အတွက် အရေးကြီးဆုံးမှာ အမှားကို မှားမှန်း သိ၍ နောင်တွင် မလုပ်အောင် ကလေးကို သင်ကြားပေးခြင်း ဖြစ်သည်။
တစ်ခါတစ်ရံ ရိုက်နှက်ခြင်းထက် တခြားနည်းများက ပိုပြီး ထိရောက်တတ်သည်ကို သတိပြုမိ၏။ တစ်ခါက ထမင်းစားချိန်တွင် ဖုန်းဆော့နေ၍ ဖုန်းကို တစ်ရက်လုံး သိမ်းပြစ်လိုက်၏။ နောင်တွင် ဤသို့ မလုပ်ရဲတော့။ ထိုနည်းတူ သူကောင်းတာ လုပ်လျှင် ဆုပေး၏။ သူလုပ်ရပ်ကို ချီးမွမ်းစကား သူ့ရှေ့တွင် သူအား ဆို၏။
ကလေးကို ဆုပေးခြင်း၊ ကောင်းသော လုပ်ရပ်များကို ချီးကျူးစကား ဆိုခြင်းသည် ကလေးကို အလိုလိုက်သည် မဟုတ်ပါ။ ဖျက်ဆီးခြင်း မဟုတ်ပါ။
တချို့သော မိဘများက သားသမီးကို လူရှေ့တွင် ချီးမွမ်းစကား မဆို။ ရောင့်တတ်လွယ်သည် ဆို၏။ သို့သော် ကဲ့ရဲ့သော စကားကိုကား လူရှေ့တွင် ဆိုရင် ဝန်မလေး။ ကျွန်ုပ်ကား သဘောမတူ။ အာရှသားများက ကိုယ့်ကိုကိုယ် နှိမ်ချသည့် ဓလေ့ ရှိကြသည်ကား မှန်၏။ သို့သော် သားသမီးကို ချီးမွမ်းစကားဆိုရင် ဝန်လေးပါက၊ ကဲ့ရဲ့စကားလည်း မဆိုပါနှင့်။ သင့်စကားလုံးများက သားသမီး၏ နုနယ်သော စိတ်နှလုံးသားကို ထိခိုက်စေ၏။
တခြားသူ အတွေ့အကြုံ
တချို့မိဘများကား ရိုက်နှက်ခြင်းကို သဘာဝပင် ယူဆ၏။ ကလေးကို ရိုက်နှက်သည်မှာ သင့်တော်သော ပြစ်ဒဏ်တစ်မျိုးသာ ဖြစ်၏။
ကျွန်ုပ်၏ မိတ်ဆွေ ကိုတိုး (နာမည်ရင်း မဟုတ်) က သူငယ်စဉ်က အဖြစ်အပျက် တစ်ခုကို ဆို၏။ သူ့အမေနှင့် အပြင်သွားစဉ် ကားလမ်းပေါ်သို့ ဖြတ်ပြေးခဲ့ရာ အမေဖြစ်သူက သူ့ကို တော်တော်ကို နာအောင် ရိုက်နှက်ခဲ့သည်။ အသက်အန္တရာယ် ကိစ္စမျိုး ဖြစ်ရာ ဤကဲ့သို့ အရိုက်ခံခဲ့ရခြင်းကြောင့် နောက်နောင် လမ်းကူးရာတွင် သူအမြဲ သတိထားသွားမိသည် ဆို၏။ ထို့အပြင် ယခု သူ့ကလေးများကို လမ်းကို ဖြတ်ပြေးခြင်း ပြုလုပ်ပါက အရိုက်ခံရမည်ဟု ချိန်းခြောက်ထားသည်။ ထိုကဲ့သို့ ချိန်းခြောက်ခြင်းကြောင့် သူ့ကလေးများ မည်သူမှ လမ်းကို လူကြီးမပါဘဲ ဖြတ်ပြေးခြင်းမျိုး မလုပ်ရဲတော့ဟု အားရဝမ်းသာစွာ ဆို၏။
အရိုက်ခံရဘူးသော ကလေးသည် စိတ်ထဲတွင် စွဲမြဲသွားနိုင်အောင် ပြင်းထန်တတ်၏။
အစိုင်အခဲ
ရိုက်နှက်ခြင်းသည် ကလေးကို လူဆိုးလူမိုက်များ ဖြစ်သွားခြင်း ဘေးရန်မှ မကာကွယ်ပေးနိုင်ပါ။ ကျွန်ုပ်၏ မိတ်ဆွေ မခင်လေး၏ မောင်ဖြစ်သူ ကိုရွှေထူး (နာမည်ရင်း မဟုတ်) သည် ငယ်ငယ်လေးကတောင် အတော်ကို တေပေသော လူတစ်ယောက် ဖြစ်၏။ မကြာခဏ ရန်ဖြစ်လေ့ ရှိပြီး၊ လူကြီးမိဘကို ပြန်ပြော ပြန်လှန်တတ်သူ ဖြစ်၏။ ငယ်ငယ်က အပြစ်ပေးခံရ၊ အရိုက်ခံရသည်မှာ မဆန်းတော့။ အရိုက်ခံရပေါင်း များသော် သူအတွက် ဘာမှပင် မထူးတော့။ ထုံသွား၏။ ငယ်ငယ်က လူဆိုးလေးသည် ကြီးလာသော် လူဆိုးကြီး ဖြစ်လာသည်။ နောက်ဆုံးတွင် လူဆိုး လူမိုက်တို့၏ သွားရာလမ်းအတိုင်းပင် ထောင်ကျလေသည်။
ထောင်က ထွက်လာတော့ အရင်ကလို မဆိုးတော့။ ထောင်တွင် နောင်တရလာသည်။ အသက်လည်း ကြီးလာသည်က တစ်ကြောင်း၊ မိသားစု သားသမီးများ ရှိလာသည်ကြောင့် အရင်ကလို ရန်ပွဲများတွင် ဝင်မပါတော့။ သူ့သားသမီးများကိုလည်း ရိုက်နှက်ဆုံးမခြင်းကို ရှောင်ကျဉ်၏။ လက်အစား ပါးစပ်ဖြင့်သာ ပြောဆိုဆုံးမ၏။
အလယ်အလတ် လမ်းစဉ်
ရိုက်နှက်ခြင်းသည် အကြောက်တရား အပေါ်တွင် အခြေခံသည်။ ကလေးကို ကြောက်အောင် ထား၍ မိမိ လိုသလို ပုံဖော်ရန် ကြိုးစားခြင်း ဖြစ်သည်။ ဤလမ်းစဉ်သည် အကောင်းဆုံး လမ်းစဉ် မဟုတ်။ မိဘနှင့် ကလေးကြား အကြောက်တရားနှင့် အမုန်းတရားများကို ပွားစေသော နည်းလမ်းကို အားမပေးသင့်။
မည်သို့ပင် ဆိုစေ။ ကလေးသည် အမှားလုပ်လျှင် အပြစ်ပေးခံရမည် ဆိုသည်ကို နားလည် သဘောပေါက်ဖို့ အရေးကြီး၏။ အပြစ်ပေးနိုင်သော နည်းလမ်းများလည်း ရှိ၏။ ဤနည်းများမှာ ကလေးကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ အရှက်ခွဲခြင်းများ မပါဝင်။
၎င်းအစား ကလေးကို လမ်းမှန်ပေါ်သို့ ဦးတည်ပေးသော နည်းများ ဖြစ်၏။ ဥပမာအားဖြင့် ကလေးက သူ့ညီအား ချစ်စနိုးဖြင့် နာမည်ပြောင်ပေးပြီး လိုက်စနေသည်။ ညီဖြစ်သူက မကြိုက်။ ဤအခြေအနေတွင် အကိုဖြစ်သူကို ဆူပူပြီး ဒဏ်ပေးလိုက်၍ ရ၏။ ထိုအစား သူနားလည်အောင် ရှင်းပြရမည်။ ညီကို ချစ်၍ နာမည်ပြောင် ခေါ်ခြင်းသည် လမ်းမှန်မဟုတ်၊ ညီဖြစ်သူ လက်ခံ သဘောပေါက်နိုင်သော အခြား အပြုအမူ စကားလုံးများဖြင့် ဖော်ပြဖို့ ညွှန်ပြပေးရမည်။
ကလေးခံစားချက်ကို နားလည်မှု ရှိကြောင်း ပြဖို့ မမေ့ပါနှင့်။ ကလေးက သူ လိုချင်တာ မရ၍ ဝမ်းနည်းနေလျှင် သူ့ဘာအကြောင်းကြောင့် ဝမ်းနည်းသည်ကို နားလည်ကြောင်း ပြောပြပါ။ လူကြီးက သူ့ ခံစားချက်ကို သိကြောင်း၊ ထည့်သွင်း စဉ်းစားကြောင်းကို သူအား အသိပေးပါ။
အန္တရာယ်ကို မြင်တတ်အောင် သင်ကြားပေးပါ။ ကလေးကို “မလုပ်ရ” ပိတ်ပြီး ပြောသည်ထက် ကလေးကို မေးခွန်းများ ထုတ်ပြီး သူ့ဘာသာသူ နားလည်လာအောင်၊ မြင်လာအောင် သင်ပြပေးနိုင်ပါက ပိုကောင်း၏။ ဥပမာ - လမ်းပေါ်တွင် ထွက်ဆော့လိုသော ကလေးကို ကားအန္တရာယ်၊ ယာဉ်အန္တရာယ်များ အကြောင်း ပြောပြပေးနိုင်က ကလေး ပိုပြီး နားလည် သဘောပေါက်နိုင်၏။
နံရံတွင် အရုပ်တွေ ဆွဲနေသော ကလေးကို အရုပ်ဆွဲလိုလျှင် စာအုပ်တွင် ဆွဲဖို့ သင်ပေးပါ။ ပြီးတော့ အပြစ်ပေးသော အနေဖြင့် သူဆွဲထားသော နံရံပေါ်က အရုပ်များကို သူကိုယ်တိုင် ပြန်ဖျက်ခိုင်းပါ။
ကလေး၏ ခံစားချက်ကို အသိအမှတ် ပြုပါ။
အထက်ပါကဲ့သို့သော နည်းလမ်းများမှာ ပျော့ညံ့သော နည်းများ မဟုတ်။ အလိုလိုက် အကြိုက်ဆောင်သော နည်းမဟုတ်။ ကလေးကို နားလည်အောင် ရှင်းပြ၍၊ သူ့ လုပ်ရပ်အပေါ်တွင် တာဝန် ပြန်ယူခိုင်းစေသော နည်းလမ်းဖြစ်၏။ ကလေး၏ အသက်အရွယ်အလိုက် သူနားလည် သဘောပေါက်နိုင်စွမ်းပေါ် မူတည်ပြီး ဆိုဆုံးမနိုင်သော နည်းများပင် ဖြစ်၏။
အမှားလုပ်ရင် ဒဏ်ပေး၊ လိမ်မာရင် ဆုပေးသော စနစ်သည် ကလေး ဆုံးမနည်းများတွင် အလွန် ထိရောက် ကောင်းမွန်သော နည်းလမ်း ဖြစ်သည်။