ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

ဂျပန် ကလေး ဆုံးမနည်း

ဂျပန် ကလေး ဆုံးမနည်း

ကျွန်မ ဂျပန်ကို စပြီး ပြောင်းလာကာစက ဂျပန်ကလေးတွေ မွေးကတည်းက လိမ်မာလိုက်တာ၊ စည်းကမ်းရှိလိုက်တာလို့ ထင်မိပါတယ်။ ဒီကလေးတွေဟာ ပိစိကွေးလေးတွေထဲက မိဘတွေကို ရိုသေတယ်၊ စည်းကမ်း လိုက်နာတယ်၊ တိတိကျကျ ရှိတယ်လို့တောင် မြင်ယောင်နေမိပါတယ်။

‌ဂျပန်မှာ စပြီး ရောက်ကာစ မိသားစုနှင့် လျှောက်လည်တုန်းက ရထားပေါ်က ‌အ‌ဖြစ်ကို သွားသတိရမိပါသေးတယ်။ ၂-နှစ်ကျော်ကာစ ရှိသေးတဲ့ သားနှင့် မတိမ်းမရိမ်းလောက်ပဲ ရှိသေးသော ဂျပန်ကလေးလေးက ရထားပေါ်မှာ ငြိမ်ငြိမ်သက်သက်နှင့် စီးပြီး လိုက်လာတယ်။ ကျွန်မ သားကတော့ သူ့အိမ်လိုပဲ ထင်နေသလား မသိ၊ ရထားပေါ်မှာ ပြောင်းဆန်နေအောင်ကို ဆော့ပါတယ်။ ဘေးလူတွေကို လိုက်ကြည့်၊ လိုက်ရှုပ်နေလို့ ကျွန်မ ဟန့်နေရပါတယ်။ ဂျပန်လေးကတော့ အေးအေးဆေးဆေး စိတ်သက်သက်သာသာ ထိုင်နေသော သူ့အမေဘေးမှာ ကောင်းကောင်း ထိုင်လိုက်လာပါတယ်။

အမှန်ဆိုရရင် ကျွန်မ သားလေးဟာ တခြားကလေးတွေထက် ပိုဆိုးတာ၊ ပိုကဲတာမျိုး မဟုတ်ပါဘူး။ ပုံမှန် ကလေးလေးပါပဲ။ ကျွန်မ စိတ်အထင်ကို ပြောရရင် ဒါဟာ မတူညီသော ယဥ်ကျေးမှုမှာ ကြီးပြင်းလာလို့ပဲ ယူဆချင်ပါတယ်။ ဂျပန်တွေ ကလေးကို ဘယ်လိုများ သွန်သင် ဆုံးမကြပါသလဲ ဆိုပြီး အတွေးတွေ ဝင်လာမိပါတယ်။ ဂျပန်ကလေးတွေဟာ ဘယ်လိုကြောင့် ဒီလောက် စည်းကမ်း ရှိနေကြပါသလဲ။

Ma no Nisai (ကလေး လူဝါးဝလာစ အချိန်)

ကလေး အသက် ၂-၃ နှစ်တွင်း ရောက်လာရင် ကလေးက အရင်လို မဟုတ်တော့ဘူး။ လူဝါးဝလာတတ်ပါပြီ။ သိတတ်လာပြီ။ မေးခွန်းတွေ အများကြီး မေးလာသလို၊ မိဘပြောစကားကို တမင် ကလန်ကဆန် စလုပ်တတ်လာပါပြီ။ မိဘတွေ အဖို့ တော်တော် စိတ်ညစ်ရသော အရွယ်လို့ ထင်ပါသည်။ အနောက်တိုင်းမှာ ဒီအရွယ်လေးကို The Terrible Two’s တောင် တင်စား ခေါ်ဝေါ်ပါတယ်။ လူဆိုးလေး စလုပ်ပြီး မိဘစိတ်ကို စမ်းသပ်သော အချိန်လို့ ကလေး စိတ်ပညာရှင်တွေက ဆိုကြပါတယ်။ ကျွန်‌မ ဂျပန်မှာ နေထိုင်သော ကာလပတ်လုံး ဒီ ၂-၃ နှစ်အရွယ် ကလေးတွေကို သတိထားပြီး လိုက်ကြည့်နေမိပါတယ်။ ကျွန်မ တစ်ခုကို သတိပြုမိပါတယ်။

“ကလေး လမ်းပေါ်‌မှာ ပြောစကား နားမထောင်ပဲ လှဲချတာမျိုး၊ အာခေါင်ကို ခြစ်ပြီး အော်ငိုနေတာမျိုး ရှိရင်တောင်မှ မိဘတွေက ဂရုမစိုက်သလို အေးအေးဆေးဆေး နေပြတာပါ”

တစ်ခါက သားကြီးက ဂဂျီဂကျောင် လုပ်ပြီး ရထားပေါ်မှာ ငိုယို ဆူပူ‌ သောင်းကျန်းပါတယ်။ ကျွန်‌မမှာ လပိုင်းသမီးလေးကို တစ်ဖက်က ချီထားရတော့ သူ့ကို လိုက်မဆွဲနိုင်ပါ။ ရထားပေါ်က လူတွေကိုသာ လိုက်ပြီး တောင်းပန်နေရပါတယ်။ ကျွန်မ သားကို လုံးဝ ရပ်ခိုင်းလို့ မရပါ။ ဆုံးမလို့ မရပါ။

နောင် ကျွန်မ ဂျပန်မိတ်ဆွေ တစ်ယောက်နှင့် စကားစပ်ရင်း ပြောမိတော့ သူက “ဟုတ်တယ်။ ဂျပန်မှာ ဒီအရွယ်ကို Ma No Nisai” ခေါ်‌ကြောင်း ပြောပါတယ်။ ကျွန်မက ဂျပန်တွေ ဒီလို အရွယ်တွေကို ဘယ်လို ကိုင်တွယ်ကြသလဲလို့ မေးကြည့်တော့ ဘာမှ မဖြေပဲ ပ‌‌ဏေဠိ ဆန်ဆန် ပြုံးပြပြီး တခြားစကားတွေကို ဆက်သွားပါတယ်။

Shitsuke (စည်းကမ်း)

တစ်ရက်တော့ ကျွန်မ သိ‌ချင်နေသော အဖြေကို မြင်လိုက်ရပါတယ်။ အဲဒီနေ့က ရထားပေါ်မှာ ဂျပန်ကလေးလေး တစ်ယောက် စပြီး ဆိုးပြပါတယ်။ ကလေး အဖေက တစ်မိသားစုလုံးကို ရထားပေါ်က ချက်ချင်း ဆင်းခိုင်းပြီး၊ ရထားထွက်သည်နှင့် တပြိုင်နက် လူရှင်းသွားပြီဖြစ်သော ပလပ်ဖေါင်းပေါ်မှာ ကလေးကို ဆူပူ ကြိမ်းမောင်းပါတယ်။

ကျွန်မတို့က ကလေး ဆိုးရင် အခြေအနေ ချက်ချင်း ထိမ်းချုပ်ဖို့ ကြိုးစားလေ့ ရှိပါတယ်။ နေရာမရွေး၊ လူမရွေး၊ အချိန်မရွေးပါ။ ဂျပန်တို့ကမူ လူအုပ်‌ထဲမှာ ဘာမှ မပြောဘဲ၊ လူရှင်းသော နေရာနှင့် အချိန်ကို ရွေးပြီး ဆုံးမကျတာပါ။ နောက်ပိုင်းမှာ ပိုပိုပြီး သတိထားမိပါတယ်။ မိဘတစ်ချို့က ကလေးကို ထောင့်ကွယ်တစ်နေရာမျိုး၊ တိုင်ကွယ်နေရာမျိုး၊ လူသူနှင့် နည်းနည်း လှမ်းတဲ့ နေရာမျိုးတွေမှာ ကလေးကို ဆုံးမကြတာကို တွေ့ရပါတယ်။

“လူကြားသူကြားထဲ ဆူပူ ကြိမ်းမောင်းတာ ကလေးအတွက် ရှက်စရာဖြစ်သလို၊ မိဘ‌အနေနှင့်လည်း မျက်နှာပျက်ရပါတယ်။”

ဒါကြောင့် လူကွယ်ရာမှာ ဆုံးမ သွန်သင်တာ နှစ်ဘက်စလုံးကို အကျိုးရှိပါတယ်။ ဒါဟာ ဂျပန်တွေရဲ့ Shitsuke ပါပဲ။ Shitsuke ဟာ လေ့ကျင့် ပျိုးထောင်ခြင်းလို့လည်း အဓိပ္ပါယ် ရပါတယ်။ ကလေးတွေကို လူကြားသူကြားထဲ အော်ဟစ် ဆူပူတတ်သော အကျင့် မရှိအောင်၊ တနည်းအားဖြင့် ဆုံးမစရာ ရှိရင် နှစ်ဦးကြား တီးတိုး ပြောဆိုတတ်အောင် လေ့ကျင့်ပေးသော ဓလေ့လို့ ထင်ပါသည်။

ကလေး အပြုအမူကိုသာ အပြစ်ပေးပါ

တချို့ အပြစ်ပေး၊ ဒဏ်ပေးတာက လွန်ကဲတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ တစ်ခါက ဂျပန်မှာ ကလေးကို အပြစ်ပေးသော အနေဖြင့် ကားလမ်းဘေးမှာ ချထားသော ကိစ္စကြောင့် တော်တော်လေး ဟိုးလေကြော်ကြော် ဖြစ်သွားပါတယ်။ ကလေးကို လမ်းလေးမှာ ချထားခဲ့ပြီး၊ အတော်လေးကြာတော့မှ ပြန်လာရှာတော့ မတွေ့တော့ပါ။ တော်ပါသေး၏။ ပြန်တွေ့ပေသောကြောင့်။ ထိုကြောင့် ကလေး စိတ်ပညာရှင်များက ကလေးကို အပြစ်မပေးပါနှင့်။ သူ့၏ မကောင်းသော အပြုအမူကိုသာ အပြစ်ပေးပါဟု တိုက်တွန်းကြခြင်း ဖြစ်သည်။

သားကို မူကြိုကျောင်း ပို့ပြီး နောက်ပိုင်း ဂျပန်ကျောင်းတွင်လည်း ဆုံးမပုံ၊ ဆုံးမနည်းမှာ အရင် ရထားပေါ်တွင် မြင်ခဲ့ရသော နည်းလမ်းများကဲ့ပင် ဖြစ်သည်။ ဆုံးမစရာကို တိုးတိုးတိတ်တိတ် ဆုံးမပြီး၊ ကိုယ်ဘာသာကိုယ် အားကိုးတတ်ရန် နေ့တိုင်း လုပ်နေကျအလုပ်တွေလို လုပ်ခိုင်းစေခြင်း ဖြစ်သည်။ ကျောင်းရောက်လျှင် ကိုယ့်ဖိနပ်၊ ကိုယ့်လွယ်အိတ်ကို ကိုယ်သိမ်းခိုင်းခြင်း၊ ကိုယ်နေရာမှာ ကိုယ် ငြိမ်ငြိမ်သက်သက် ထိုင်နေစေခြင်း စသည်ဖြင့် စည်းစနစ်ကျအောင် လေ့ကျင့်ပေးသည်။

အချုပ်ကို ဆိုရလျှင် ကလေးတွေကို ဆုံးမရာတွင် တပုံစံတည်း၊ တမတ်သတ်တည်း မရှိပါ။ အလုပ်ဖြစ်ရာ ထိရောက်ရာကိုသာကို မှန်းသမ်းပြီး လုပ်နေရခြင်းပင် ဖြစ်သည်။ တစ်လောက သား‌ မူကြိုကျောင်းမှ ဆရာမက ပြောသည်။ ထိုနေ့က သားကို ဆုံးမရာတွင် အဆင်မချောပါဟု ဆိုသည်။ ဆရာမက ဆုံးမနေရာ ကလေးက ကစားနေသည် ထင်၍ ဆရာမ ပြောသလို၊ လုပ်သလိုအတိုင်း သံယောင်လိုက်ပြီး အတုခိုးပြသည်။ နောက်ဆုံးတွင် ဆရာမက ကျွန်မလိုပင် အော်ပြီး ငေါက်လိုက်မှ ရပ်သွားသည်ဟု ရယ်ရယ်မောမော ဆို၏။ ကျွန်မတောင် နည်းနည်း ရှက်သွားမိသည်။ ဆရာမ ရှေ့မှာ ဘယ်နှစ်ခါမျှတောင် ကလေးကို အော်ငေါက်မိနေမှန်း မမှတ်မိတော့။ ကျွန်မက ဆရာမကို ဘယ်လို အော်ငေါက်သလဲဟု မေးရာ ဆရာမ‌လေးသည် ကျွန်မ၏ လေသံနှင့် အမူအရာအတိုင်း လုပ်ပြလေသည်။ တခြားသော ကလေးများအတွက် ထိရောက်နိုင်စွမ်း ရှိမှရှိမည်။ ကျွန်မ၏ သားအတွက်ကား ကျွန်မ၏ နည်းလမ်းက ဂျပန်ဆရာမပင် ယူသုံးရသည့် အထိ ထိရောက်ပေစွ။