ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

အနောက်တိုင်း မိဘအုပ်ထိန်းမှု

အနောက်တိုင်း မိဘအုပ်ထိန်းမှု

“သားသမီး မကောင်း မိဘခေါင်း” တဲ့။ မိဘ တယောက် အနေနဲ့ သားသမီးကို လိမ္မာရေးခြား ရှိအောင် သွန်သင်ပေးဖို့ တာဝန် ရှိပါတယ်။ ကျနော်တို့ဆီမှာလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကလေးကို လိမ္မာရေးခြား ရှိအောင် သွန်သင် ဆုံးမ ကြပါတယ်။ ဒီတခေါက်မှာတော့ အမေရိကန် ကလေး အထူးပြု အဖွဲ့အစည်း တစ်ခုက ကလေးကို သွန်သင် ဆုံးမရာမှာ အသုံးဝင်စေမယ့် အချက်အလက် ၁၀ ခု ကို ဝေမျှပေးပါမယ်။ မှန်တယ်၊ မှားတယ် မဟုတ်ပေမယ့် ဗဟုသုတ အနေနှင့် ဖတ်ကြည့်နိုင်ပါတယ်။

၁။ စံပြ လုပ်ပြပါ။

တချို့ မိဘတွေကို မြင်ဖူးတယ်။ ကလေးကို ဟိုဟာ မစားနဲ့၊ ဒီဟာ မလုပ်နဲ့။ အများကြီး ကန့်သတ်ထားပါတယ်။ ဒါပေမယ့် သူတို့ ကိုယ်တိုင် ကျတော့ ကလေးရှေ့မှာ ကန့်သတ်ထားတဲ့ ဟာတွေကို လုပ်ပြပါတယ်။ ဥပမာ ကလေးကို ရုပ်ရှင် မကြည့်နဲ့တော့၊ အိပ်ချိန်တန်ပီ လို့ ပြောပြီး၊ ကိုယ်တိုင်ကျတော့ ညနက်တဲ့ထိ ရုပ်ရှင်တွေ ထိုင်ကြည့်သည်။ ကလေး ဆိုသည်မှာ လူကြီး လုပ်သမျှကို လိုက်၍ အတုယူတတ်သည်။ လူကြီးက ပါးစပ် တမျိုး၊ လက် တမျိုး လုပ်ပြပါက ကလေးကလည်း သင့်စကားကို အလေးထားမည် ထင်ပါသလား။ နားလည်မည် ထင်ပါသလား။

၂။ စည်းမျဉ်း ထားပါ။

ကလေး အသက်အရွယ်နှင့် အလိုက် နားလည်နိုင်မည့် စည်းမျဉ်းစည်းကမ်း ထားပါ။ ဥပမာ ကလေးနှစ်ယောက်က အရုပ် တစ်ရုပ်ကို လုရင်း ရန်ဖြစ်နေတယ် ဆိုပါတော့။ ဒါဆိုရင် အရုပ်ကို ဘယ်သူမှ မဆော့ရဘူး ဟု စည်းမျဉ်းစည်းကမ်း ထားပါက အရုပ်ကို သိမ်းပါ။ သူတို့ ရန်ဖြစ်လို့ အရုပ်ကို သိမ်းတယ်ဆိုတာ သူတို့ သိပါစေ။ နောင်ကိုလည်း အရုပ်နဲ့ ပတ်သက်လို့ ရန်ဖြစ်တိုင်း အရုပ်ကိုသိမ်းပါ။ တခါတလေဆိုပြီး ကိုယ်ထားတဲ့ စည်းကမ်းကို မဖောက်ဖျက်လိုက်ပါနဲ့။

၃။ စည်းကမ်း ဖေါက်တိုင်း အပြစ်ပေးပါ။

ကလေးက စည်းကမ်း မလိုက်နာရင် ဘယ်လို အပြစ်ပေး ခံရမယ် ဆိုတာကို အရင် နားလည်အောင် ပြောပြပါ။ သူတို့ သိရက်နဲ့ တမင် စည်းကမ်း ဖောက်လာရင် ချက်ချင်းပဲ သူတို့ အပြစ်ကို ထောက်ပြပြီး ချက်ချင်း အပြစ်ပေးပါ။ တချို့မိဘတွေကို တွေ့ဖူးတယ်။ အိမ်မှာ ဧည့်သည်တွေ ရှိနေလို့ ဆိုပြီး၊ ချက်ချင်း အပြစ်ပေးရမယ့်ဟာကို မပေးဘဲ ဧည့်သည်တွေ ပြန်သွားမှ ကလေးကို သွားဆူတယ်။ ကလေးက ဘယ်လိုလုပ် မှတ်မိမှာလဲ။ ပိုဆိုးတာက ကလေးက နောင်ကို ဧည့်သည်တွေ လာတဲ့အချိန် သူလုပ်ချင်သလို လုပ်လို့ရတယ်ဆိုပြီး အထင်မှားသွားခြင်း ဖြစ်သည်။ စည်းကမ်းဖောက်၍ အပြစ် ပေးစရာရှိရင် ချက်ချင်း အပြစ်ပေးပါ။

၄။ ကလေး ခံစားချက်ကိုလည်း မေးဖို့ မမေ့ပါနဲ့။

မိဘ အနေနဲ့ အပြစ် ပေးဖို့ချည်း ကိုပဲ စိတ်မလောလိုက်ပါနဲ့။ အချို့သော ကိစ္စတွေမှာ ကလေး ဘာဖြစ်လို့ ဒီလို လုပ်ရတယ် ဆိုတာကို နားထောင်ဖို့၊ နားလည်ဖို့ လိုပါတယ်။ သမီးလေး ငယ်ငယ်က အိမ်ဘေးမှာနေတဲ့ အိမ်နီးနားချင်း အဒေါ်ကြီး လမ်းလျှောက်ထွက်တာ မြင်တိုင်း၊ အိမ်အပေါက်ဝမှာ ဆော့နေတာကနေ အိမ်ထဲ ပြေးဝင်ပုန်းပါတယ်။ ပထမ သမီးကို ဒီလိုလုပ်တာ ရိုင်းတယ်ဆိုပြီး ကလေးအဖေက သမီးကို ဆူပါတယ်။ နောက်ပိုင်း သမီးလေးကို မေးကြည့်တော့၊ အဒေါ်ကြီးကို ကြောက်လို့ပါ လို့ ပြောပါတယ်။ တစ်ခါတစ်လေ ကလေး မပြောနဲ့။ လူကြီး တွေတောင်မှ လူလူချင်း ကြောက်တာ ရှိတာပါပဲ။

၅။ အချိန်ပေးပါ။ဂရုစိုက်ပေးပါ။

ကလေးတွေ လိမ်မာရေးခြားရှိဖို့ မိဘများ ကိုယ်တိုင်ကလည်း အချိန်ပေး၊ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဖြစ်သလို ထား၊ ဂရုမစိုက် ပစ်ပယ်ထားရင် ကလေးကလည်း အလိုလိုနေရင်း လိမ္မာရေးခြား ရှိလာမယ် မဟုတ်ပါ။ ကလေးတွေ၏ ပင်ကို စရိုက်ကလည်း မိဘတွေ၏ ဂရုစိုက်မှုကို လိုလားကြသူများ ဖြစ်ပါသည်။

၆။ ချီးကျူးပေးပါ။

မိဘတော်တော်များများက ကလေး အမှားလုပ်မိတိုင်း အပြစ်ပေးရင် ဝန်မလေးသော်လည်း၊ ကလေး ကောင်းတာလုပ်မိရင် ချီးကျူးရန် မေ့နေတတ်ပါသည်။ လူဆိုသည်မှာ ချီးကျူးစကား ကြားလိုသူ များသည်။ ချီးကျူးရာတွင်လည်း ဘာကြောင့် ချီးကျူးခံရသည် ဆိုသည်ကို ထည့်ပြောပြရန် မမေ့ပါနှင့်။

၇။ တချို့ ကိစ္စတွေကို လျစ်လျူရှု့ပါ။

ကလေးများသည် တစ်ခါတစ်ရံ လူကြီးကို စမ်းသပ်သည့် အလေ့ ရှိသည်။ သူတို့ တခုခုလုပ်ရင် လူကြီးက ဘာပြောမလဲဟု စမ်းသပ်ချင်ကြသည်။ ဤသည်မှာ သင်ယူခြင်းတစ်မျိုးပင် ဖြစ်သည်။ အထူးသဖြင့် အသက် ၂-၃ နှစ်ကြား အလွန် စူးစမ်းလိုကြသော အရွယ်တွင် မိဘများကို စိတ်စမ်းလေ့ရှိသည်။ ဥပမာ ထမင်းပန်းကန်ကို တမင် မှောက်ပစ်တတ်ခြင်း၊ အရုပ်များကို လွင့်ပြစ်တတ်ခြင်း စသည်ဖြင့် စမ်းသပ်ကြသည်။ မိဘများ အနေဖြင့် တခါတရံ မသိချင်ယောင်၊ ဂရုမစိုက်ယောင် လုပ်ပါ။ မိဘများက တုန့်ပြန်တတ်ပါက နောင်အချိန်တွင် ကလေးမှ မိဘကို တမင် စိတ်ဆိုးအောင်၊ သူ့ကို ဂရုစိုက်မိအောင် လုပ်ပြမည်ဖြစ်သည်။ မသိချင်ယောင် ဆောင်ပါက တစ်ခါ၊ နှစ်ခါ အပြင် ထပ်လုပ်တော့မည် မဟုတ်ပါ။

၈။ ပြင်ဆင်ထားပါ။

ကလေးငယ်များမှာ လူကြီးများလို ဟန်ဆောင်တတ်သူများ မဟုတ်ပါ။ ပြီးတော့ တစ်နေရာထဲ ကြာကြာနေနိုင်၊ ထိုင်နိုင်သူများလည်း မဟုတ်ပါ။ ကလေး သဘာဝမှာ တစ်ခုခုကို စူးစမ်း လေ့လာနေသည် ဖြစ်စေ၊ အမြဲ ပြေးလွှား၊ လှုပ်ရှားရကြသည် ဖြစ်သည်။ ထို့ကြောင့် မိဘများ အနေဖြင့် ခရီးဝေး (သို့မဟုတ်) ပွဲလမ်းတစ်ခုခုကို သွားရင် လိုအပ်ပါက ကလေးအတွက် ကြိုတင် ပြင်ဆင်ထားရန် လိုပေသည်။ တစ်ခါက ခုနှစ်နာရီမျှ ကားစီးရသော ခရီးအတွက် ကလေး စားစရာမုန့်၊ ဆော့စရာ အရုပ်များကိုပါ တခါတည်း သယ်ယူလာရသည်။ ကားရပ်နားချိန်တွင်လည်း ကလေးကို အပြင်မှာ ပြေးကစားစေသည်။ ကလေးအတွက် ပြင်ဆင်ဖို့ မမေ့ဖို့ရန် ဖြစ်သည်။

၉။ စိတ်ကို ပြောင်းပေးပါ။

တစ်ခါတစ်လေ ကလေး ဂျီကျချင်းမှာ ဆိုးချင်၍ မဟုတ်ပါ။ တစ်နေရာထဲမှာ နေရသည်မှာ ပျင်းလာ၍ သော်လည်း၊ ဘာလုပ်ရမှန်း မသိ၍သော်လည်း ဖြစ်တတ်ပါသည်။ ကလေးကို ကစားရန် အကြံဉာဏ် တစ်ခုခု ပေး၍ စိတ်ပြောင်းပေးခြင်းလည်း ကူညီပေးနိုင်ပါသည်။

၁၀။ Timeout (ဒဏ်ပေးပါ။)

ကလေး ပြောစကား နားမထောင်ပဲ၊ အော်ဟစ် ဆူပူနေသည် အခါမျိုး၊ တမင် စည်းကမ်း ဖောက်ဖျက်သည့်အခါမျိုးတွင် ဆက်လက် လုပ်မည် ဆိုပါက Timeout ပေးခံရမည် ပြောနိုင်သည်။ Timeout ဆိုသည်မှာ ဒဏ်ပေးသည့် အနေဖြင့် ထောင့်တစ်နေရာရာတွင် တစ်ယောက်ထဲ သွားထိုင်နေ၊ မတ်တပ်ရပ်နေရခြင်း ဖြစ်သည်။ မြန်မာပြည်နှင့် အနီးစပ်ဆုံး ဆိုရလျှင် ကျောင်းမှာ စာမရ၍ ခုံပေါ်တွင် မက်တပ်ရပ်နေထိုင်ခြင်း ပုံစံမျိုး ဖြစ်သည်။ ကလေး အသက်နှင့် အလိုက် Timeout ကို အချိန် သတ်မှတ်နိုင်သည်။

အသက်အရွယ် အလိုက် ချမှတ်ပေးနိုင်သော စည်းကမ်းများ

ဘေဘီ (မွေးကင်းစမှ ၂ နှစ်)

ဘေဘီ အရွယ် ကလေးငယ်များသည် ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုခြင်းဖြင့် လေ့လာ သင်ယူကြသည်။ အနီးအနားမှ လူများ လုပ်သလို လိုက်လုပ်ကြသည်။ ထိုအရွယ်တွင် အန္တရာယ် ရှိစေ နိုင်သော အရာဝတ္ထုများကို ဖယ်ရှားထားပါ။ အရေးအကြီးဆုံးမှာ စည်းကမ်းနှင့် ပတ်သက်လာလျှင် အမြဲ တစိုက်မတ် လုပ်ပေးရင် လိုသည်။ အဖေက တစ်မျိုး၊ အမေက နောက်တမျိုး မလုပ်သင့်။ ဥပမာ ကလေး သကြားလုံး ချိုချင် မကြွေးရ ဟူ၍ စည်းကမ်း သတ်မှတ်ထားပါက အိမ်သားများကို ကြိုတင် အသိပေးထားပါ။ ဘယ်အိမ်သားကမှ စည်းကမ်းကို မချိုးဖောက်ရန်လည်း လိုအပ်သည်။

ကလေးငယ်

ဤအရွယ်တွင် အသိဉာဏ် အချို့ ရှိလာပြီ ဖြစ်သည်။ ဘာကို လုပ်လို့ရသည်၊၊ မရသည်ကို သိလာပြီ။ လူဝါးဝစ ပြုလာပြီ။ စမ်းသပ်တတ်လာပြီ။ စမ်းသပ်ခြင်းဖြင့်လည်း သင်ယူလာကြသည်။ ထိုအရွယ်တွင် မိဘများအနေဖြင့် သူတို့အပြုအမူ‌ ကောင်းကို ချီးမွမ်းပေးပြီး၊ အပြုအမူ ဆိုးများကို မသိချင်ယောင်ဆောင်ပါ။ လိုအပ်ရင် တခြားအရာတစ်ခုခုနဲ့ စိတ်ကို လွဲပြစ်လို့လည်း ရပါတယ်။ ဥပမာ ကလေးက စာအုပ်ကို တမင် ဖြဲပြီး ဆော့ပြနေတယ်။ မိမိကို အကဲခပ်နေတယ် ဆိုပါစို့။ မသိခြင်ယောင် ဆောင်ကြည့်လိုက်ပါ။ မရပ်ဘဲ ပိုဆိုးလာတယ် ဆိုရင် အခြား ကစားနည်းတစ်ခုခုနှင့် ဆော့ကြမယ် ဆိုပြီး သူ လက်ရှိ လုပ်နေတာကို ရပ်ခိုင်းလိုက်ပါ။ ဂျီကျရင် ဆိုးလာရင် ဘာဖြစ်လို့ဆိုတာ အကြောင်းရင်းကို ရှာကြည့်ပါ။ နေမကောင်းလို့လား။ အိပ်ချင်လို့လား။ ဗိုက်ဆာလို့လား။ မရိုက်ပါနဲ့။ Timeout ဒဏ်ပေးလို့ရပါတယ်။

မူကြိုအရွယ်

ကလေးဟာ အင်မတန် စူးစမ်း သိချင်တဲ့ အရွယ်ပါ။ ငှက်ကလေးတွေ ဘာလို့ မိုးပေါ် ပျံနိုင်သလဲ။ ဘာဖြစ်လို့ လမ်းမလျှောက်တာလဲ။ မေးခွန်းတွေ အများကြီး မေးလာပြီ။ သူနဲ့ သင့်တော်မယ့် အလုပ်ကလေးတွေကိုလည်း စပေးလို့ ရပါပြီ။ ဥပမာ အရုပ်ဆော့ပြီးရင် ပြန်သိမ်းခိုင်းတာမျိုး၊ ဝတ်ပြီးသား အင်္ကျီကို လျှော်မည့် နေရာမှာ သွားထားခိုင်းတာမျိုး လုပ်နိုင်ပါတယ်။ ဒီလို လုပ်ပြီးရင်လည်း ချီးကျူးဖို့ မမေ့ပါနဲ့။ သူတို့ စိတ်ထဲမှာ ဒီလိုလုပ်ရင် ဒီလိုရတယ် ဆိုတဲ့ အသိဉာဏ်မျိုး သွင်းပေးပါ။ ထိုင်ပြီး အရှည်ကြီး ရှင်းပြတာမျိုး မလုပ်ပါနဲ့။ အချို့ကိစ္စတွေကိုလည်း သူ့ကိုယ်ပိုင် ရွေးချယ်ခွင့် ပေးပါ။ ဥပမာ ဘယ် စာအုပ်ကို အရင် ဖတ်မလဲ။ ဘယ် အရုပ်ဆော့မလဲ။

မူလတန်း

ဒီအရွယ်မှာတော့ ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ကို စပြီး ခွဲခြားနိုင်နေပါပြီ။ ဒီအချိန်မှာ သူတို့ကို ရွေးချယ်ခွင့် အချို့ ပေးနိုင်ပြီး၊ သူ့တို့ ရွေးချယ်တဲ့ အပေါ် မူတည်၍ သက်ရောက်မှု အကြောင်း စပြီး ရှင်းပြ ပြောပြပါ။ အိမ်စည်းကမ်း အကြောင်းကို ရှင်းပြပါ။ စည်းကမ်းဖောက်ရင် ဘာအပြစ်မျိုး ပေးမယ်ဆိုတာ ပြောပြပါ။ ဆုပေး၊ ဒဏ်ပေး စနစ်ကို ကျင့်သုံးပါ။ စိတ်ရှည်ရှည်ထားပါ။ ဂရုစိုက်ပေးပါ။ လေးစားမှု ရှိပါ။

ဆယ်ကျော်သက်

အသိဉာဏ်တွေ ပိုမို ဖွံ့ဖြိုးလာသည်နှင့်အမျှ သူတို့ကို ဆုံးဖြတ်ချက် ချစရာရှိတာတွေ ပေးလုပ်ပါ။ ချစ်တိုင်းလည်း အရမ်း အလိုမလိုက်ပါနဲ့။ စည်းတစ်ခု အမြဲထားပါ။ သူတို့နှင့် အဆက်မပြတ်ပါစေနဲ့။ နေ့တိုင်း သူတို့နှင့်အတူတူ စကားစမည် ပြောပါ။ သူတို့ရဲ့ သူငယ်ချင်းတွေ နာမည်ကိုလည်း သိအောင်လုပ်ပါ။ သူ့တို့ အားထုတ်မှု၊ အောင်မြင်မှု၊ ကျရှုံးမှု တွေအားလုံးကို အသိအမှတ်ပြုပါ။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေရဲ့ ဆိုးကျိုးများကိုလည်း ပြောပြ၊ ရှင်းပြပါ။ Boy/ Girl ကိစ္စများမှာလည်း ရှောင်ရန်၊ ဆောင်ရန်များကို သိရှိနားလည်အောင် ပြောပြပါ။

အရှေ့တိုင်းမိဘအုပ်ထိန်းမှု အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။