Hua
Hua ကလေးနှင့်ပတ်သက်သောဆေးပညာရပ်တွင် စိတ်ဝင်စားလေ့လာသူ။ နှုတ်ခမ်းနီစုဆောင်း ဝါသနာပါသူနှင့် Foodie တစ်ဦး။

အရှေ့တိုင်းမိဘအုပ်ထိန်းမှု

အရှေ့တိုင်းမိဘအုပ်ထိန်းမှု

အရှေ့တိုင်းသားတွေဟာ သားသမီးတွေအတွက် အစားအသောက်၊ အဝတ်အစား၊ စာရေးကိရိယာ စသဖြင့် ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေကို လိုလေးသေးမရှိဖြည့်ဆည်းပေးနိူင်ကြပါတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ တစ်ဦးချင်စီရဲ့ စိတ်ခံစားမှုကိုတော့ သိပ်အလေးမထားကြတာကိုတွေ့ရပါတယ်။ အဲလိုအလေးထားရမယ့်အစား၊ “ပြောစကား နားထောင်၊ ခိုင်းတာလုပ်” ဆိုတဲ့ ပုံစံထဲ ရိုက်သွင်းထားတတ်ကြပါတယ်။ ဒါဟာ အာရှသားတွေရဲ့ မိသားစုဖွဲ့စည်းမှုပုံစံကြောင့်လည်း ဖြစ်ပါတယ်။ အိမ်တစ်အိမ်၊ မိသားစုတစ်ခုမှာ ကြီးစဉ်ငယ်လိုက် သြဇာသက်ရောက်ပြီး အများအားဖြင့် အိမ်ထောင်ဦးစီးအမျိုးသားက အာဏာအရှိဆုံးဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာ ဒီအကြောင်းနဲ့ပတ်သက်လို့ အသိပညာပေးဟောပြောမှုတွေကြောင့် အဲဒီအယူအဆတွေက တဖြည်းဖြည်းတော့ပြောင်းလဲလာပါပြီ။ ဒါပေမဲ့ ကျွန်တော့်ရဲ့အတွေ့အကြုံအရ လိုအပ်တာတွေလည်း အများကြီးရှိနေသေးတာကိုလည်း တွေ့ရပါတယ်။

မိဘတွေအနေနဲ မိမိရဲ့သားသမီးတွေကို ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်သူတွေဖြစ်စေချင်တယ်ဆိုရင် သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သေချာဂရုစိုက်ပေးရပါမယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရ အာရှသားတချို့ဟာ သူတို့ရဲ့အတွေးအမြင် စိတ်ခံစားမှုတွေ အသိအမှတ် ပြုချင်း မခံရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတာကို မကြာခဏဆိုသလိုတွေ့ရပါတယ်။ ကျွန်တော်ဆိုလိုတာက သားသမီး ပြောသမျှကို အကုန် သဘောတူပေးဖို့ မဟုတ်ပါဘူး။ သူတိုရဲ့ခံစားမှုကိုနားလည်ပေးပြီး၊ သဟဇာတဖြစ်အောင် စဉ်းစားပေးဖို့ပါပဲ။ ကျွန်တော် ကုသပေးခဲ့ ရတဲ့ အရှေ့တိုင်းသားကလေးငယ် (အခုလက်ရှိ အရွယ်ရောက်နေသူ)တွေ ပြောလေ့ရှိတာက သူတို့မိဘတွေဟာ သူတို့ကို ချစ်မြတ်နိုးတယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ သူတို့ရဲ့နှလုံးသားထဲမှာတော့ ချစ်ခြင်းမေတ္တာကို မခံစားရဘူး၊ နှလုံးသားချင်းရင်းနှီးမှု မရှိကြောင်း စိတ်မကောင်းစွာ ရင်ဖွင့်ကြပါတယ်။

ကလေးတွေ သားသမီးနဲ့ မိဘကြား ချစ်ခြင်းမေတ္တာကို ခံစားနိုင်ဖို့နဲ့ ခိုင်မာတဲ့ သံယောဇဉ်ဖြစ်ဖို့အတွက် အချက်(၄)ချက်ကို လိုအပ်ပါတယ်။

(၁) မျက်စိနဲ့မြင်ရုံမဟုတ်ပဲ နှလုံးသားနဲ့ပါ မြင်ပေးပါ

သူတို့မိဘတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေဖြစ်တဲ့ ဝမ်းနည်းတာ၊ စိတ်ဆိုးတာ၊ စိတ်အားငယ်တာ စတဲ့အရာတွေကအစ နားလည်ပေးနိူင်တယ် မြင်နိူင်တယ်ဆိုတာကို ကလေးတွေအနေနဲ့ သိဖို့လိုအပ်ပါတယ်။

(၂) နှစ်သိမ့်ချော့မြူပါ

ကလေးငယ်တွေဟာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲဒုက္ခနှင့်ကြုံတွေ့လာရင် မိဘတွေဆီက နှစ်သိမ့်ဖေးမမှုတွေ ရယူနိုင်ကြောင်း သိဖို့ လိုပါတယ်။ နှုတ်နဲ့ရော၊ ကိုယ်နဲ့ပါ အားပေးမှုတွေ လိုပါတယ်။ ဥပမာ ကလေးတစ်ယောက်ဟာ စကိတ်စီးရင်း ချော်လဲပြီး ထိခိုက်မိသွားတယ်ဆိုပါတော့။ အဲ့အချိန်မှာ သူ့မိဘတွေက သူ့အပေါ်အားပေးချော့မြူနိုင်မယ် ဆိုတာ သိထားတဲ့ ကလေးဟာ မိဘဆီကိုပဲ အရင်ပြေးသွားမှာပေ့ါ။ ဒါပေမယ့် အချို့အရှေ့တိုင်းမိသားစုတွေမှာ နှစ်သိမ့်အားပေးတာခံရမယ့်အစား “ဘာလို့ဂရုမစိုက်ရတာလဲ” “ကိုယ့်ဟာကိုသတိထားနေမှပေါ့” စသဖြင့် ကလေးကို အပြစ်တင်အော်ငေါက်ပါတယ်။ အဲလိုလုပ်တဲ့အခါ ကလေးဟာ မလိုအပ်တဲ့ ကိစ္စမှာ အရှက်ရသွားပြီး၊ မိဘကို နောင်ဖြစ်လာကြုံလာမယ့် အခြေအနေတွေမှာ အားကိုးဖွယ် ခိုလှုံရာအဖြစ် မ​ြင်နိုင်မှာ မဟုတ်တော့ပါ။

(၃) အားကိုးယုံကြည်စရာ ရင်ဖွင့်ဖော် အဖြစ် ရှိနေပေးပါ

ကလေးငယ်တွေရဲ့ စိတ်ခံစားမှုတွေကို မိဘဖြစ်သူထံ ဝေမျှ ပြောဆိုနိုင်ပါအောင် လမ်းဖွင့်ပေးပါ။ ဟာသ မလုပ်ပါနဲ့။ အပြစ် မတင်ပါနဲ့။ ဝေဖန်ရှုတ်ချတာမျိုး မလုပ်ပါနဲ့။ ကြောက်ပြီး ကိုယ့်ရဲ့ခံစားမှုတွေကို မိဘတွေဆီ ရင်မဖွင့်နိုင်ဘူးဆိုရင် ကလေးရဲ့ စိတ်ထဲမှာ မိဘဟာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုမပေးနိုင်သူ အဖြစ် မြင်သွားပါလိမ့်မယ်။

(၄) စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးပါ

စိတ်ပိုင်းဆိုင်ရာလုံခြုံမှုဆိုရာမှာ မိဘနဲ့သားသမီးကြား တည်မြဲပြီး နှစ်လိုဖွယ် ရှိတဲ့ အပြန်အလှန် ဆက်ဆံရေးကို ဆိုလိုတာဖြစ်ပါတယ်။ ကလေးတွေရဲ့အတွေးထဲမှာ အဖေ၊ အမေဆိုတဲ့ နာမ်စားပေါ်လာတိုင်း သူတို့ရဲ့ စိတ်ခံစားချက်နဲ့ပတ်သတ်လို့ လိုအပ်တာရှိရင် ဖြည့်ဆည်းပေးတတ်တဲ့ ပုံရိပ်တစ်ခုလို ဖြစ်နေဖို့ လိုပါတယ်။ သဘာဝတရားအရ ကလေးတွေဟာ မိဘတွေကို စိတ်ဆိုးတာ၊ စိတ်ကောက်တာ၊ ဝမ်းနည်းတာ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ခိုင်မြဲတဲ့မိဘနဲ့သားသမီးကြား ဆက်ဆံရေး တည်ဆောက်ဖို့အတွက် မိဘတွေအနေနဲ့ ထိုစိတ်ခံစားချက်တွေကို အသိအမှတ်ပြုပေးဖို့နဲ့ သူစိတ်ထဲ အနည်ထိုင်လာအောင် အချိန်ပေးဖို့ကလည်း အရေးပါလှပါတယ်။ သူတို့စိတ်ထဲ ဖြစ်နေတာတွေကို ကိုယ်က မကြိုက်ဘူး၊ သဘောမတူဘူးဆိုရင်တောင်မှ တဗြစ်တောက်တောက်ပြောနေတာထက်၊ ကိုယ်နားလည်သလို စိတ်အေးအေးနဲ့ ရှင်းပြတာ၊ အချိန်ပေးပြီး သူ့စိတ်ကိုသူ ပြန်သုံးသပ်စေတာမျိုးတွေ လုပ်သင့်ပါတယ်။

အောက်ပါဆောင်းပါးကို ရေးသားသူ ဆမ်(မ်)လူဝီဟာ အမေရိကန်ပြည်ထောင်စု စီယာတယ် (Seattle) မြို့က ဖြစ်ပြီး မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ လိင်စိတ်အလွန်အကျွံပြင်းပြမှုကို အထူးပြုကုသတဲ့ ရောဂါကုထုံးပညာရှင် (therapist) တစ်ယောက်ဖြစ်ပါတယ်။

Reference : psychologytoday.com မှ asian-parenting ကို ဘာသာပြန် ကိုးကားပါသည်။

အနောက်တိုင်း မိဘအုပ်ထိန်းမှု အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။