အကောင်းဆုံး အကြံပြုချက်

ကျမ အိမ်ထောင်ကျပြီး၊ သားလေးမွေးတော့ အသက်က သုံးဆယ်နား ကပ်နေပြီ။ ကလေး သာ ရလာတယ်။ ကလေးနဲ့ပတ်သက်တဲ့ အတွေ့အကြုံရယ် ဆိုလို့ အိမ်ဘေးနားက ကလေးလေးတွေကို ကူထိမ်းပေးတာလောက်ပဲ ရှိတာ။ ခုလို ဒူးတွေ့၊ လက်တွေ့ ဖြစ်လာတော့ ဘာလုပ်လို့ လုပ်ရမယ်ဆိုတာတောင် ကောင်းကောင်း မသိပါဘူး။
အခြား ကလေးအဖေအမေတွေဆီက သူတို့ပြောတဲ့ ကလေးအတွေ့အကြုံတွေ၊ စာတွေ ရုပ်ရှင်တွေထဲက ဖတ်မိ မြင်မိတဲ့ ဟာတွေကို ဟိုပေါင်းဒီပေါင်းပြီး အကောင်းဆုံး လုပ်ခဲ့တာပါပဲ။
တခါတလေတော့လည်း နောင်တရမိတဲ့ လုပ်ရပ်မျိုးတွေ ရှိပါတယ်။ တချို့နေရာတွေကျတော့လည်း ကိုယ်လုပ်တဲ့ဟာကို တော်တော်လေး အားရမိပါတယ်။
ဒီလိုနဲ့ သားလေး နှစ်နှစ် ကျော်လာတော့၊ မဆိုးဘူး ကလေး ထိန်းတာ ဒီလောက် မခဲယဉ်းပါဘူး၊ ငါတို့လည်း အတွေ့အကြုံတွေ ရှိနေပြီပဲ ဆိုပြီး နောက်ထပ် ကလေးထပ်ယူဖို့ ဆုံးဖြတ်ပါတယ်။ ဒါနဲ့ သမီးကလေး ပျော်ရွှင်နေတဲ့ ကျမတို့ မိသားစုလေးထဲကို ရောက်လာပါတယ်။
သမီးလေး အလှည့်ကျတော့ အရင် သားလေးတုံးက အတွေ့အကြုံတွေနှင့် မတူတာတွေ တစ်ခုပြီးတစ်ခု ကြုံရတော့တာပဲ။ အရင် သားလေးတုန်းက အလုပ်ဖြစ်တယ်၊ အောင်မြင်တယ် ဆိုတဲ့ အရာတွေက သမီးလေးနှင့်ကျတော့ လုံးဝ အလုပ်မဖြစ်။ ကျမတို့ သိထားတယ်ဆိုတဲ့ အတွေ့အကြုံ တွေက အသုံးမဝင်။ အရင်ကလို တစ်ကနေ ပြန်စနေရတယ်။ ဥပမာ သားလေးတုန်းက ချော့ပြောရင် နားထောင်ပေမယ့်၊ သမီးလေးကျတော့ အရမ်း ခေါင်းမာတာပဲ။
တစ်ခါက အမေနဲ့ စကား ဆက်မိတော့ အမေကို ပြောပြတယ်။ သားလေးက ဒါမျိုး မလုပ်ဘူး၊ ဒီသမီးလေး ကျမှ ဒီအကျင့်မျိုးတွေ ပါလာတယ်လို့။ အမေက ပြုံးတယ်။ အမေ အပြုံးထဲမှာ နားလည်မှုတွေနှင့် အတူ စာနာတတ်တဲ့ အရိပ်အယောင်တွေကိုပါ မြင်ရတယ်။ ပြီးတော့မှ အမေက ကလေးတစ်ယောက်နှင့် တစ်ယောက် တစ်မိ ဝမ်းထဲက မွေးပေမယ့်၊ ဗီဇက မတူဘူးလို့ ရှင်းပြတယ်။ အဲ့ဒါကတော့ အမှန်ပါပဲ။ ကျွန်မတို့ ညီအမတွေမှာ စိတ်သဘောထားချင်းက မတူဘူးဆိုတာ မျက်မြင် ကိုယ်တွေ့ပဲလေ။
အခု သားလေးရော၊ သမီးလေးရော တဖြည်းဖြည်း ကြီးလာပါပြီ။ သူတို့ ကြီးလာလေလေ၊ သူတို့ရဲ့ မတူညီ ကွဲပြားတာတွေ ပိုမြင်ရလာလေလေ ပါပဲ။ ကျွန်မ အမေ တစ်ယောက်အနေနှင့်ကတော့ သူတို့ ကလေးတွေရဲ့ မတူ ကွဲပြားမှုကို နားလည် ခံယူထားပြီး၊ သူတို့လေးတွေ မတူတဲ့ ဗီဇအောက်မှာ အကောင်းဆုံး ပြုစု ပျိုးထောင်ဖို့ရာပဲ စိတ်ထားမိပါတော့တယ်။