ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

ကလေး နောက်ပြောင်မှု ဘေးရန်ကို ဘယ်လို ရင်ဆိုင်ရမလဲ။

ကလေး နောက်ပြောင်မှု ဘေးရန်ကို ဘယ်လို ရင်ဆိုင်ရမလဲ။

ကျွန်တော့် သားလေးမှာ မွေးရာပါ နှုတ်ခမ်းကွဲ ပါတော့၊ တခြား ကလေးတွေက သူ့ကို ဝိုင်းပြီး စ‌နောက်ကြပါတယ်။ သားလေးက ဒါကြောင့် စိတ်ဆင်းရဲနေပါတယ်။ သားလေးကို ဘယ်လို လုပ်ပေးရင် ကောင်းမလဲ ဆရာ။


ခင်မင်လို့ စတာ၊ နောက်တာကို လက်ခံနိုင်ပေမယ့်၊ အစအနောက် ခံရသူက မကြိုက်ရင် ဆက်ပြီး မလုပ်သင့်ဘူး ကျွန်တော်တို့ လူကြီးတွေ အားလုံး လက်ခံနားလည်ထားပါတယ်။ အထူးသဖြင့် တပါးသူရဲ့ ခန္တာကိုယ် ချို့ယွင်းချက်ကို စနောက်ခြင်းက မတရားချင်း ဖြစ်သလို၊ ကိုယ်ချင်းစာနာစိတ် ကင်းမဲ့တာလည်း ဖြစ်ပါတယ်။ အစအနောက် လုပ်တာဟာ အတိုင်းအ‌တာ တစ်ခုအနေနှင့်သာ လက်ခံနိုင်သည် ဆိုတာကို သင်ကြားပေးသင့်ပါတယ်။ တဘက်သူ မကြိုက်တာကို ဆက်ပြီး မလုပ်ဖို့နှင့် ကိုယ်ချင်းစာနာစိတ် ရှိတတ်ဖို့ကိုလည်း သင်ကြားပေးသင့်ပါတယ်။

ဘယ်လောက်ပဲ ပြောပြထားထား၊ သင်ပြထားပေမယ့် ကလေးတွေက သူတို့ အချင်းချင်း ကြားထဲမှာ ‌အ‌စ‌အ‌နောက်ဆိုတာ အမြဲ ရှိနေတာကို သတိထားမိပါတယ်။ တချို့ ကလေးတွေက အချင်းချင်း ကြားမှာ ဆော့ကစားရင်း စကြ၊ နောက်ကြပါတယ်။ တချို့ကလေးက သူများကို တမင် လိုက်စ လိုက်နောက်တဲ့ ဗီဇ ရှိပါတယ်။ အထူးသဖြင့် အများနှင့် မတူရင်၊ ခန္တာကိုယ် ချို့ယွင်းချက် ရှိရင် ပိုပြီး မြင်သာ ထင်သာ ရှိလို့၊ စချင် နောက်ချင်သူတွေရဲ့ သားကောင်လို ဖြစ်နေတတ်ပါတယ်။

ကလေး တစ်ယောက်အနေနှင့် ဒီလို ဝိုင်းအစခံရရင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိချင်မှ သိပါလိမ့်မယ်။ ပထမ အရေးအကြီးဆုံး အချက်က မိဘကို ကလေး ပြန်ပြောပြတတ်အောင် သင်ထားဖို့ ဖြစ်ပါတယ်။ ကလေး ပြန်ပြောပြရင်လာရင် စိတ်ကို ငြိမ်ငြိမ်ထားပြီး နားထောင်ပါ။ သူ့ရဲ့ ခံစားချက်ကို နားလည်ကြောင်း ပြသပါ။ ပြီးမှ နောင်မှာ ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာကို ကလေးနှင့် တိုင်ပင်ပါ။

အခြေအနေနှင့် ကလေးရဲ့ ရင့်ကျက်မှု ‌အပေါ် မူတည်ပြီး ကလေးကို ဘယ်လို ပြန်လည် တုံ့ပြန်ဖို့ သင်ပေးနိုင်ပါတယ်။ ဥပမာ အားဖြင့် -

  • လာပြီး နောက်ပြောင်နေသော ကလေးကို လာ မလုပ်ဖို့ တည်တည်တံ့တံ့ ပြောပါ။
  • ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး၊ အဲဒီလူတွေနှင့် ဝေးရာကို ရှောင်နေပါ။
  • အရမ်း ဝမ်းနည်းတာမျိုး၊ စိတ်ဆိုးတာမျိုး မလုပ်ပြဖို့ (တချို့ လာစတဲ့သူတွေက ကိုယ် စိတ်ဆိုးလေ၊ ပိုကြိုက်လေ ပိုစလေမျိုး လုပ်တတ်ပါတယ်။)
  • စကားလမ်း‌ကြောင်းကို လွဲပြစ်လိုက်ပါ။ ဟာသပြန်လုပ်ပြီး ဂရုမစိုက်သလို ဖော့ပြစ်ပါ။
  • တခြား သူငယ်ချင်း တစ်ယောက်ယောက်ကို သွားပြီး စကားပြောပါ။
  • လူကြီး တစ်ယောက်ယောက် (သို့) ဆရာ/မ နှင့် သွားတိုင်ပါ။

ဒီနည်းလမ်းတွေကို သင့်တော်သလို အသုံးချခိုင်းဖို့ သင်ပေးပါ။ အလေ့အကျင့် သဘောမျိုးနှင့်လည်း အစမ်း သရုပ်ဆောင် ဆော့ကြည့်ပါ။ ဥပမာ မိဘက အစအနောက် သန်တဲ့သူ နေရာကနေ သရုပ်ဆောင်ပြီး၊ ကလေးကို စမ်းပြီး သရုပ်ဆောင် ဆော့ကြည့်ပါ။ ပြီးရင် လိုတာလေးတွေ လိုက်ထောက်ပြပေးပါ။ အရေးကြီးသော နောက်တစ်ချက်က ကလေးကို ကိုယ်ထိလက်‌ရောက် ရန်မဖြစ်ဖို့၊ သူတစ်ပါးကို နာကျင်သွားစေလောက်တဲ့ စကားလုံးတွေနှင့် ပြန်မတုံ့ပြန်ဖို့ကိုပါ ပြောပြပေးပါ။ ရန်ကို ရန်ချင်း တုံ့ပြန်ရင် ရန်ကြွေးတွေသာ ပိုများလာပါလိမ့်မယ်။

နောက် မိဘတစ်‌‌ယောက် ‌အနေနှင့် လုပ်ပေးနိုင်တာက သူ ကြိုက်နှစ်သက်သော အချက်လေးတွေကို ပိုပြီး အားပေးတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ ဥပမာ သူ ဒီနေ့ ဘာ ပြဿနာတွေ ကြုံတွေ့ရသလဲ ဆိုတာ အပြင်၊ သူ ကြုံတွေ့ရခဲ့တဲ့ ကြိုက်တာတွေ နှစ်သက်တာတွေ အကြောင်းကိုပါ မေးမြန်း‌ ဆွေးနွေးတာမျိုး လုပ်ပေးပါ။ ပြဿနာကိုပဲ ဂရုမစိုက်ပါနှင့်။ သူ ဘဝမှာ တခြား ပျော်စရာ၊ ဝမ်းသာစရာ အ‌ကြောင်းတွေ အများကြီး ရှိပါတယ်။ လူတွေရဲ့ စိတ်ဆိုတာ အကောင်းတွေ အားသာရင် အကောင်းတွေ မြင်ပြီး၊ အဆိုးတွေ ဂရုစိုက်တာ များရင်၊ အဆိုးတွေကို မြင်တတ်ပါတယ်။

ယခု နောက်ပိုင်း ကျောင်းတွေမှာ ကလေးတွေ အတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီ ‌အထောက်အပံ့ တွေ ရှိလာပါပြီ။ ကျောင်းမှာ မေးကြည့်ပါ။ ကျောင်းမှာ ကလေး အချင်းချင်းကြား ဒီလို အစ‌အနောက်တွေ လွန်လာရင် ကျောင်းက ဘာလို စီစဥ်ထားတာမျိုး ရှိသလဲ ဆိုတာကို မေးကြည့်ပါ။ ကျောင်းနှင့် အတူတူ လက်တွဲပြီး ကလေး ကျောင်းမှာ ပျော်ဖို့၊ အဆင်ပြေဖို့ စီစဥ်ပါ။ လိုအပ်လာရင် ဆရာဝန်၊ စိတ်ပညာရှင်တွေနှင့်လည်း ပြသခံယူပါ။

ကလေး ကျောင်းမှာ ဗိုလ်ကျနေပြီလား အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။

ကလေးအချင်းချင်း အနိုင်ကျင့်ခြင်း အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။