ကလေးအချင်းချင်း အနိုင်ကျင့်ခြင်း

ဆယ်နှစ်အရွယ် ရှိသော မောင်ငယ်တစ်ယောက် ခုတလော သူ့ အမေဆီက မုန့်ဖိုး တိုးပြီး တောင်းနေသည်။ သူ့ ကြည့်ရတာ ပုံမမှန်။ ကျောင်းက ပြန်လာလျှင် ကမန်းကတမ်းပင် မီးဖိုချောင်ထဲ ဝင်ကာ စားစရာ ရှာသည်။ ပိုပြီး ပိန်လာသလိုလည်း ရှိသည်။ အမြဲပင် ဆာလောင်နေသလိုလို။ အကြောင်းရင်းမှာတော့ သူ့ မုန့်ဖိုးကို ကျောင်းသားကြီး တစ်ယောက်က အနိုင်ကျင့်ပြီး လုနေသည် ဖြစ်သည်။ မပေးလျှင် မျက်နှာကို ထိုးမည်ဟူ၍လည်း ချိန်းခြောက်ထားသည်။
ဝိုင်းဝိုင်းသည် ၇ တန်း ကျောင်းသူ တစ်ဦး ဖြစ်ပြီး ယခုနှစ်တွင် ကျောင်းသစ်ပြောင်းလာသူ ဖြစ်သည်။ ဖော်ဖော်ရွှေရွှေ နေတတ်ပြီး၊ သူငယ်ချင်းများကလည်း သူ့ကို ခင်မင်ကြသည်။ မကြာခင်က သူ့ မကောင်း ကောလာဟာလ အတင်းပြောနေသည်ကို ကြားသိလိုက်ပြီး၊ ညစဉ် မျက်ရည်ကျနေရသည်။ နေမကောင်းဟူ၍ အကြောင်းပြကာ ကျောင်းကို ရှောင်နေသည်။
မောင်ငယ်နှင့် ဝိုင်းဝိုင်းလို အနိုင်ကျင့်ခံနေသည့် ကလေးများ မနည်းလှပါ။ နောက်ဆုံး စစ်တမ်းများအရ ကလေးနှင့် ဆယ်ကျော်သက်များ ကျောင်းတွင် အနိုင်ကျင့် ခံနေရသည်ကို တွေ့ရှိရသည်။
ဤသို့ အနိုင်ကျင့်ခံရသည်မှာ ရုပ်ပိုင်းဆိုင်ရာတွင်သာမက၊ စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်နာကျင်စေသည်။ တစ်သက်လုံး မမေ့နိုင်သော အမာရွှတ်ကြီးကဲ့သို့ပင် စိတ်နှလုံးသားကို ဆွဲထင် ကျန်ရစ်စေသည်။ အချို့ ကိစ္စများတွင် ခန္တာကိုယ် အစိတ်အပိုင်း ထိခိုက် ဒဏ်ရာရလောက်အောင်ပင် ပြင်းထန်နိုင်သည်။
ထိုကြောင့် သင်ရဲ့ ကလေး လက်ရှိ အနိုင်ကျင့်ခြင်း မခံရသည့်တိုင်၊ ကြိုတင် သိရှိထားပါက လိုအပ်သလို ကာကွယ်နိုင်ပါပေမည်။
အနိုင်ကျင့်ချင်း အမျိုးအစားများ
ကလေးတော်တော်များများမှာ ဆွေမျိုးသားချင်းထဲမှဖြစ်စေ၊ သူငယ်ချင်းတွေထဲမှဖြစ်စေ တချိန်ချိန်မှာတော့ အစအနောက် ခံကြဖူးပါသည်။ အချို့ကား ရယ်စရာမောစရာ သဘောမျိုးဖြင့် စနောက်တတ်သည်။ ဤကဲ့သို့ အစအနောက် ပြုလုပ်ကြရာမှာ လွန်ကဲလာလျှင် အနိုင်ကျင့်ခြင်း သဘောတရားထဲသို့ ရောက်ရှိလာသည်ကို သတိပြုသင့်ပါသည်။
အနိုင်ကျင့်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်အောင်လုပ်ခြင်း စသဖြင့် ခွဲခြားနိုင်ပါသည်။ ဥပမာ လက်သီးဖြင့်ထိုးခြင်း၊ ပခုံးဖြင့် ဝင်တိုက်ခြင်း၊ နာမည်ပြောင် ခေါ်ခြင်း မှအစ သူတပါး၏ ပစ္စည်းနှင့် ငွေကိုပါ အတင်း အဓမ္မ လုယူခြင်းတို့အထိ ပါဝင်ပါသည်။ ထို့အပြင် နာမည်ပျက်အောင် ကောလာဟလ မဟုတ်မမှန် သတင်း ဖြန့်၍လည်း တမင်စိတ်ဆင်းရဲအောင် ပြုလုပ်ကြပါသည်။ ယခု နည်းပညာခေတ်တွင်လည်း နည်းပညာအကူအညီဖြင့် စိတ်ထိခိုက်အောင် အနိုင်ကျင့်တတ်ပါသည်။
ဤကဲ့သို့ အနိုင်ကျင့်ခြင်း ခံရပါက လစ်လျှူပြုခြင်း မလုပ်ပါနှင့်။ ကလေးကို သူဘာသာသူ ဖြေရှင်းပါစေ ဆိုကာ ပစ်မထားပါနှင့်။ ဤကိစ္စမှာ အင်မတန် အရေးကြီးပြီး၊ ဖြေရှင်းခြင်း မပြုလုပ်နိုင်ပါက နောင်တွင် စိတ်ဝေဒနာ အကြီးအကျယ် ဖြစ်သွားနိုင်ပါသည်။ အချို့ ကလေးများမှာ အနိုင်ကျင့်ချင်းကြောင့် မိမိဘာသာ သတ်သေသော သတင်းများကို မကြာခဏ သင် တွေ့မြင်ရပါလိမ့်မည်။ အမေရိကန်တွင် ကျောင်းတွင်း သေနတ် ပစ်ခတ် သတ်ဖြတ်ခြင်း ကိစ္စများ၏ အကြောင်းရင်းမှာလည်း အနိုင်ကျင့်ခြင်း၏ အကျိုးဆက်များပင်ဖြစ်သည်ကို လေ့လာတွေ့ရှိရပါသည်။
အနိုင်ကျင့်ခြင်း ခံရသည့် လက္ခဏာများ
ကလေးကိုယ်တိုင်က သင့်ကို ဖွင့်မပြောရင် (သို့မဟုတ်) ကိုယ်ခန္ဓာပေါ်တွင် ဒဏ်ရာဒဏ်ချက် မရှိပါက အနိုင်ကျင့်ခြင်း ခံနေရသည်ကို သိရှိရန် အလွန်ခက်ခဲလှပါသည်။
သို့ရာတွင် အထူး ဂရုစိုက် ကြည့်မိပါက ကလေး၏ အမူအရာ၊ အပြုအမူ ပြောင်းလဲနေသည်ကို သတိထားမိပါမည်။ ခါတိုင်းထက် ပိုမို မှိုင်တွေနေတတ်ခြင်း၊ အစားအသောက် နည်းခြင်း၊ စိတ်ဓာတ် ကျနေတတ်ခြင်း၊ ကျောင်းကို မသွားချင်ခြင်း စသည်တို့မှာ အနိုင်ကျင့်ခြင်း ခံနေရသည့် လက္ခဏာများ ဖြစ်သည်။
အကယ်၍ သင့်ကလေးမှာ အနိုင်ကျင့်ခြင်း ခံနေရသည်ဟု ထင်မြင်မိပါက၊ ကလေးကို သွယ်ဝိုက်၍ မေးခွန်းများ မေးကြည့်နိုင်ပါသည်။ ဥပမာ ရုပ်ရှင်ကားထဲတွင် ကလေးအချင်းချင်း အနိုင်ကျင့်နေသည် မြင်ကွင်းများကို ပြသ၍ စကားစမယ် ဆိုနိုင်ပါသည်။ “ဘယ်လိုထင်သလဲ” “ဒါမျိုး ကျောင်းမှာ ကြုံဖူးသလား” “မေမေတို့တုန်းက ဒီလိုဖြစ်ရင် … “ စသဖြင့် စကားလမ်းကြောင်း ဖွင့်ပေးနိုင်ပါသည်။
မိမိကလေးကို ဤကဲ့သို့သော အတွေ့အကြုံမျိုး ကြုံတွေ့လာပါက (သို့မဟုတ်) တခြားကလေးတစ်ယောက်ယောက် ကြုံတွေ့နေသည်ကို သိရှိလာပါက လူကြီးမိဘ၊ ဆရာတစ်ယောက်ယောက်ကို ဖွင့်ပြီး ပြောပြဖို့ လိုအပ်ကြောင်းကိုလည်း သင်ကြားပေးပါ။
အနိုင်ကျင့်ခြင်း ခံရရင် ဘာလုပ်ရမလဲ
သင့်ကလေးက သူ ကျောင်းမှာ အနိုင်ကျင့်ခြင်း ခံနေရပြီလို့ သင့်ကို ပြောပြတယ်ဆိုပါစို့။ စိတ်ရှည်ရှည်နဲ့ နားထောင်ပါ။ ဖြေသိမ့်မှုပေးပါ။ ကလေးတော်တော်များများက ဒီလိုကိစ္စမျိုးကို မိဘတွေ ဆရာတွေကို တော်ရုံတန်ရုံနဲ့ အသိပေးလေ့ မရှိကြပါဘူး။ သူတို့စိတ်ထဲမှာ ရှက်ကြောက်သော စိတ်တွေနဲ့ ရောနှောနေတတ်ပါတယ်။ မိဘများ စိတ်ပူမှာ၊ စိတ်ဆိုးမှာ၊ စိတ်ပျက်မှာကို အင်မတန် ကြောက်နေကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကလေးကို နားလည် သဘောပေါက်ပေးဖို့ လိုအပ်ပါတယ်။
အချို့ကလေးတွေက ဒီလို အနိုင်ကျင့်ခြင်း ခံရသည်မှာ မိမိ အသုံးမကျမှုကြောင့် ဖြစ်ရသည်ဟု ထင်နေကြပါသည်။ တစ်ခါတစ်ရံ ဤသို့ ဖွင့်ပြောပါက ပိုမို၍ အနိုင်ကျင့်ခြင်း ခံရမည်ကို ကြောက်နေတတ်ပါသည်။ မိဘများက မိမိမလုပ်ရဲသည့် အလုပ်မျိုးကို (ဥပမာ ပြန်၍ ကိုယ်ထိလက်ရောက် ပြုလုပ်ခြင်းမျိုး) ခိုင်းမည်ကို စိုးရိမ်နေတတ်ကြပါသည်။
ပထမဦးစွာ မိမိ၏ ကလေးအား ယခုလို ဖွင့်ပြောရဲသည့် သတ္တိကို ချီးမွမ်းစကား ဆိုပါ။ လူတော်တော်များများ ဘဝမှာ ဤကဲ့သို့ တခါတရံ အနိုင်ကျင့်ခြင်း ခံရတတ်သည်ကို သိရှိအောင် ပြောပါ။ ဤကိစ္စတွင် အပြစ်သည် အနိုင်ကျင့်သူ အပေါ်မှာသာ ရှိကြောင်း၊ မိမိသည် ကလေးနှင့်အတူ ဤပြဿနာကို ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောပြပါ။
နောက်တစ်ဆင့်အနေဖြင့် ကျောင်းမှ တာဝန်ရှိသူ တဦးဦးဖြင့် ဆွေးနွေး တိုင်ပင်ပါ။ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို ကလေးနားလည်အောင် ရှင်းပြပါ။ ကျောင်းမှ တာဝန်ရှိသူမှာ ကလေးကို သတိထား စောင့်ကြည့်သွားမည်ဖြစ်သည်။
အကယ်၍ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခြင်း ခံနေရသည် (သို့မဟုတ်) ဖွင့်ပြောသဖြင့် ပို၍ အနိုင်ကျင့်ခြင်း ခံရမည်ဟူ၍ ခြိမ်းခြောက်ထားပါက သတိကြီးစွာ လုပ်ကိုင်ပါ။ တခါတရံ အနိုင်ကျင့်နေသော ကလေး၏ မိဘများကို တိုင်ကြားခြင်းဖြင့် ပိုမို ထိရောက်တတ်ပါသည်။ အများအားဖြင့် ကျောင်းမှ တာဝန်ရှိသူကို အရင်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါသည်။ အနိုင်ကျင့်သော ကလေး၏ မိဘများကို တိုက်ရိုက် တိုင်ကြားလိုပါကလည်း ကျောင်းတာဝန်ခံများကို ဘေးတွင် ထား၍ ပြောဆိုပါက ပိုမို သင့်လျော် ကောင်းမွန်ပါသည်။
အနိုင်ကျင့်ခြင်းနှင့် ပတ်သက်၍ ကျောင်းများတွင် ကျောင်းပေါ်လစီများ ရှိတတ်ပါသည်။ အချို့နိုင်ငံများတွင် ဥပဒေများဖြင့်လည်း ကလေးသူငယ်များကို အနိုင်ကျင့်ခြင်း ဘေးရန်မှ အကာအကွယ် ပေးထားတတ်ပါသည်။ ရှေ့နေများဖြင့် ဆွေးနွေးတိုင်ပင်ကြည့်နိုင်ပါသည်။
ကလေးကို ပေးနိုင်သော အကြံဉာဏ်များ
မိဘအနေဖြင့် အနိုင်ကျင့်ခြင်း ဘေးရန်ကို ကာကွယ်ဖို့ အကြံဉာဏ်များ ပေးလေ့ရှိပါသည်။ အချို့မိဘများမှာ လက်တုံ့ပြန်ခြင်းကို အားပေးလိုကြသည်။ ကိုယ့်ကို လာထိရင် ပြန်လုပ်ဖို့ တိုက်တွန်း နှိုးဆော်ကြသည်။ မိမိကလေးကို လာ၍ အနိုင်ကျင့်ခြင်းကြောင့် ဒေါသဖြစ်ကြသည်။ မိမိငယ်စဉ်က ဤကဲ့သို့ ပြန်လည်တိုက်ခိုက်ခြင်းကြောင့် အနိုင်ကျင့်ခြင်း ဘေးရန်မှ လွတ်မြောက်နိုင်ခဲ့သော အတွေ့အကြုံကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သို့ရာတွင် ဤကဲ့သို့ လက်တုံ့ပြန်ခြင်းကို အားမပေးလိုပါ။ လက်တုံ့ပြန်ခြင်းသည် ခိုက်ရန်ဖြစ်ပွား၍ နှစ်ဖက်စလုံး ထိခိုက် နာကျင်မှုများ ဖြစ်စေနိုင်သည်။ အခန့်မသင့်လျှင် ကိုယ်ခန္ဓာ ချို့ယွင်းမှုများထိအောင် ဖြစ်ပေါ်နိုင်စေသည်။ ထို့ကြောင့် အကောင်းမွန်ဆုံးသော အကြံဉာဏ်မှာ ထိုနေရာမှာ ရှောင်ထွက်သွားခြင်း၊ ထိုသူနှင့် အပေါင်းအဖော်မလုပ်ခြင်း၊ ရန်စသည်ကို မကြားချင်ယောင် ဆောင်ခြင်း၊ လူကြီးတစ်ယောက်ယောက်ကို တိုင်ကြားခြင်းတို့ပင် ဖြစ်သည်။
နောက်ဆက်တွဲ
အနိုင်ကျင့်ခြင်း ခံရသည့် ကလေးများတွင် မိမိကိုယ့်ကို ယုံကြည်စိတ် နည်းပါးသွားတတ်ကြသည်။ စိတ်ဓာတ်ကျနေကြသည်။ ထို့ကြောင့် ကလေးကို သူငယ်ချင်းကောင်း၊ အပေါင်းအဖော်ကောင်းများဖြင့် သူ၏ ယုံကြည်စိတ်ကို ပြန်လည် ရှင်သန်လာအောင် ပြုစုပျိုးထောင်ပေးပါ။ အားကစား (သို့မဟုတ်) အနုပညာ (သို့မဟုတ်) စိတ်ဝင်စားရာ ဝါသနာတစ်ခုခုဖြင့်လည်း သူ၏ မိမိကိုယ်ကို ယုံကြည်စိတ်ကို ပြန်လည်ရှင်သန်လာအောင် အားပေးကူညီပါ။ လက်ပွန်းတတီး နေထိုင်ပါ။ ဂရုစိုက်ကြောင်း ပြသပါ။ ဒါဆိုရင် ကလေးဟာ မကြာမီအတွင်းမှာ အရင်လိုပဲ ပြန်လည် ပျော်ရွှင်စွာ နေထိုင်လာနိုင်မည် ဖြစ်ပါသည်။
ကလေး နောက်ပြောင်မှု ဘေးရန်ကို ဘယ်လို ရင်ဆိုင်ရမလဲ အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။
ကလေး ကျောင်းမှာ ဗိုလ်ကျနေပြီလား အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။