အပေါင်းအသင်း ဝင်ဆန့်ဖို့

မင်္ဂလာပါ … ကျွန်မမှာ ကလေး နှစ်ယောက် ရှိပါတယ် ဆရာ။ သူတို့ကို ပျော်ပျော်ရွှင်ရွှင်နှင့် လိမ်မာ ယဉ်ကျေးသော သူတွေအဖြစ် ကြီးပြင်းလာတာကို မြင်လိုပါတယ်။ တစ်ယောက်ကို ကြည့်ရတာ တကိုယ်တည်း ဆန်ပြီး၊ တခြားသူတွေကို စိတ်ဝင်စားပုံ မပြဘူး။ နောက်တစ်ယောက်ကျတော့ ကျောင်းမှာ ငစွာကြီး ဖြစ်နေတယ်။ သူတို့ ကြီးလာရင် အပေါင်းအသင်း မဝင်ဆန့်မှာကို စိုးရိမ်မိတယ်။ ဘာလုပ်ရမလဲ ဆရာ။ အကြံပေးပါအုံး။
စိုးရိမ်ကြီးသော မိဘ
မင်္ဂလာပါ
အောင်မြင်ကြီးပွားမှုရဲ့ သော့ချက်က မိတ်ဆွေကောင်းတွေ ရှိတာပါပဲ။ ကလေးတွေ နောင် ကြီးပြင်းလာရင် ဒီလို မိတ်ဆွေကောင်းတွေ ရဖို့ ဆိုတာ အပေါင်းအသင်း ဝင်ဆန့်ဖို့၊ မိတ်ဆွေ ပေါင်းသင်းတတ်ဖို့ အရေးကြီးတာပေါ့။ လူတွေကို အနိုင်ကျင့်တတ်သူမျိုး၊ နေရာတကာ စွာကျယ်လုပ်တတ်သူကို ဘယ်သူကမှ မကြိုက်ဘူး မဟုတ်လား။ မိဘတွေ အနေနှင့် ကလေးကို တခြားသူတွေနှင့် လိုက်လျော ညီထွေစွာ နေတတ်အောင်၊ အပေါင်းအသင်း ဝင်ဆန့်အောင် ကူညီ ပဲ့ကိုင်ပေးလို့ ရပါတယ်။ သူငယ်ချင်းတွေကို ဘယ်လို ရှာရသလဲ။ ဘယ်သူတွေနှင့် ပေါင်းသင့်သလဲ။ မပေါင်းသင့်သလဲ။ သူငယ်ချင်းတွေကြား ရန်ဖြစ်တဲ့ အခါ ဘယ်လို ဖြေရှင်းလို့ ရသလဲ စသဖြင့် ဝင်ပြီး အကြံပေးလို့ ရပါတယ်။ ငယ်စဉ်အချိန်ဟာ ပဲ့ကိုင်ပေးလို့ အကောင်းဆုံး ဖြစ်တာကြောင့် ငယ်ငယ်ထဲက ပြုပြင်ပေးတာ အကောင်းဆုံးပါ။
မူလတန်းအရွယ် ကလေးကို ပြုစု ပျိုးထောင်နိုင်သော အရာများ
ကလေးတွေ အပေါင်းအသင်း ဝင်ဆန့်ဖို့နှင့် ပတ်သတ်၍ မူလတန်း ဆရာ၊ ဆရာမများ ၈,၀၀၀ ခန့်ကို အင်တာဗျူးလုပ်ရာမှ ရရှိလာသော ကလေး ရှိသင့် ရှိထိုက်သော အချက်အလက်များ ဖြစ်ပါသည်။
- တဘက်သူ၏ စကားကို နားထောင်တတ်ခြင်း
- တခြားသူအတိုင်း လိုက်လုပ်နိုင်ခြင်း
- စည်းကမ်းရှိခြင်း
- လျစ်လျှူရှု့နိုင်ခြင်း
- အကူအညီ တောင်းခံတတ်ခြင်း
- အလှည့်စောင့်ပြီး စကားပြောတတ်ခြင်း
- တခြားသူများနှင့် လိုက်လျော ညီထွေစွာ နေတတ်ခြင်း
- တာဝန်ခံတတ်ခြင်း
- တခြားသူများကို ကောင်းစွာ ဆက်ဆံတတ်ခြင်း တို့ ဖြစ်ပါသည်။ အထက်ပါ အချက်များနှင့် ပြည့်စုံသော ကလေးများကို အများက နှစ်သက်ကြပြီး၊ “လိမ်မာလိုက်တာ” “တခြားကလေးတွေနှင့် ပေါင်းတတ်တယ်” “လူချစ် လူခင်များတဲ့ ကလေး” လို့ သမုတ်လေ့ ရှိပါတယ်။
ဆယ်ကျော်သက်တို့ ပြုစု ပျိုးထောင်နိုင်သော အရာများ
အလယ်တန်း၊ အထက်တန်း ရောက်လာကြပြီ။ ငယ်ငယ်ကလို မဟုတ်တော့ပဲ၊ ပတ်ဝန်းကျင် (အထူးသဖြင့် သူငယ်ချင်း အပေါင်းအသင်း) ကို ပိုပြီး အလေးထားလာကြသည်။ သူများက ကိုယ့်ကို ဘယ်လို မြင်တယ်၊ ထင်တယ်ကို အရမ်း ပိုပြီး တွေးတတ်လာကြသည်။ စာရေးဆရာ James Windell (တက္ကသိုလ် ပါမောက်ခ၊ စိတ်အထူးကု) က ဆယ်ကျော်သက် အရွယ်တွေ အတွက် အပေါင်းအသင်း ဝင်ဆန့်ဖို့ ခုလို အကြံပြုထားပါတယ်။
- ဘဝ ရည်မှန်းချက် ထားတတ်ခြင်း
- တစိုက်မတ်မတ် တောင်းဆိုတတ်ခြင်း
- တခြားသူများကို ကိုယ်ချင်းစာနာတတ်ခြင်း
- မခံချင်စိတ်၊ ဒေါသစိတ်ကို ကောင်းစွာ အသုံးချတတ်ခြင်း
- ပြဿနာများကို ငြိမ်းချမ်းစွာ ရင်ဆိုင် ဖြေရှင်းတတ်ခြင်း
အပေါ်မှာ ကလေးတွေကတော့ ဒီလို ဖြစ်ရမယ်၊ ဆယ်ကျော်သက်တွေကတော့ ဒီလိုနှင့် အပြောက အရမ်း လွယ်ပါတယ်။ ဒီလို ဖြစ်လာအောင် ကျွန်တော်တို့ မိဘတွေ အနေနှင့် ဘယ်လို ကူညီ ပံပိုးရမှာလဲ။
၁။ သင်ကိုယ်တိုင်ပါပဲ
ကလေးရဲ့ ပထမဆုံး ဆရာက မိဘကိုယ်တိုင်ပါပဲ။ ကလေးဟာ မိဘကို အတုခိုးနေတာ ဖြစ်ပါတယ်။ စာရေးဆရာ Robert Fulghum (All I Really Needed to Learn in Kindergarden) က သူ့ စာအုပ်ထဲမှာ ဒီလို ရေးထားပါတယ်။ “ကလေးက သင့်စကား နားမထောင်မှာကို မစိုးရိမ်ပါနှင့်။ သူတို့က သင် လုပ်သမျှ၊ ပြောသမျှကို အကောင်းရော အဆိုးတွေရော လိုက်ပြီး သင်ယူနေတာကိုသာ စိုးရိမ်ပါ။” မိဘက စံပြ လုပ်ပြရင် ကလေးကလည်း လိုက်ပြီး အတုယူမှာပါ။ ဒါကြောင့် အပေါင်းအသင်းတွေ ဝင်ဆန့်ဖို့ ပြုပြင်ချင်ရင် ကိုယ်ကိုကိုယ် ကလေးရှေ့မှာ အပြောအဆို၊ အပြုအမှုတွေကို စံပြ လုပ်ပြပေးပါ။ တခြားသူနှင့် စကားကို ယဥ်ယဥ်ကျေးကျေး ပြောတာမျိုး၊ ဒေါသကို ကိုယ်ထိလက်ရောက် မလုပ်ပဲ၊ ငြိမ်းချမ်းစွာ ပြောဆို ရင်ဆိုင်ပြတာမျိုး စသည်ဖြင့် ကလေးကို လက်တွေ့ မျက်မြင် သင်ပြပေးနိုင်ပါတယ်။ စံပြ လုပ်ရတဲ့ အလုပ်က မလွယ်ပါဘူး။ “ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့” ပုံစံ ဆိုတာမျိုးက မအောင်မြင်နိုင်ပါဘူး။
၂။ နာမည် မတပ်လိုက်ပါနှင့်
ကလေးကို လူတွေကြားမှာ မနေတတ်ဘူး၊ မနေချင်တတ်တဲ့တာမျိုး တွေ့မိတတ်ပါလိမ့်မယ်။ မိဘအချို့က “သူက လူကြောက်လေး” “အရမ်း ရှက်တတ်တဲ့ ကလေး” စသည်ဖြင့် သမုတ်လိုက်ပါတယ်။ ဒီလို နာမည်တပ်၊ သမုတ်လိုက်တာဟာ လူရဲ့ အားနည်းချက်ကို ပိုပြီး လေးနက်စေပါတယ်။ ပိုပြီး ဆိုးတာက ကလေးကပါ သူ့ကိုယ်သူ ဒီလို လူစားမျိုးလို့ ကိုယ်ဘာသာကိုယ် ယူဆသွားရင် နောင်ကို တော်တော်ကို ပြင်ယူရပါလိမ့်မယ်။
၃။ တခြား ကလေးနှင့် ဆော့ကစားပေးပါ
ဘဝမှာ ကလေးတွေက မိဘတွေဆီက အရင် သင်ယူကြရပါတယ်။ နောက် ကြီးလာတော့ ဘေးက ကလေးတွေဆီကနေ အတုမြင် အတတ်သင် ဆိုသလို တခြားကလေးတွေဆီက စပြီး သင်ယူလာကြတာပါပဲ။ ကလေး အချင်းချင်းဆီက သင်တာ ပိုမြန်သလို၊ ပိုပြီး ထိရောက်တာကို တွေ့မြင်ရပါတယ်။ ထို့ကြောင့် ဖြစ်နိုင်သမျှ ကလေး အချင်းချင်း ဆော့ကစားဖို့ လုပ်ပေးပါ။ ဘေးအိမ်က ကလေးတွေကို အိမ်လာဆော့စေတာမျိုး၊ ကိုယ့် ကလေးကို မူကြိုလို နေရာမျိုး ပို့ပြီး တခြားကလေးတွေနှင့် အတူတူ ရောနှော ဆော့ကစားစေတာမျိုးက ကလေးကို ပိုပြီး ယုံကြည်စိတ် များစေပြီး အပေါင်းအသင်းတွေနှင့် နေထိုင်တတ်မှာ ဖြစ်ပါတယ်။ မိဘ အနေနှင့် ကလေးနှင့် အတူတူ မကြာခဏ ဆော့ပေးချင်းဖြင့်လည်း ကလေးရဲ့ လူတွေနှင့် ပေါင်းသင်းဆက်ဆံမှု စွမ်းရည် တိုးတတ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို ဆော့ရာမှာလည်း ကလေးကို ဦးဆောင်ခိုင်းပြီး ကလေး ဆော့တာကို လိုက်ဆော့တာမျိုးက ပိုပြီး ထိရောက်ပါတယ်။
၄။ အရမ်းလည်း မစိုးရိမ်ပါနှင့်
ကလေးက သူ့နည်း သူ့ဟန်နှင့် သင်ယူနေတာပါ။ မှန်တဲ့အခါ မှန်သလို၊ မှားတဲ့အခါ မှားတာ ဓမ္မတာပါ။ သိပ်ပြီး မစိုးရိမ်ပါနှင့်။ ဝင်ပြီး သိပ်မစွက်ပါနှင့်။ မိဘတွေ အနေနှင့် အရင်က ပြောသလို စံပြနေပါ။ မသမုတ်လိုက်ပါနှင့်။ ကလေးနှင့် အတူတူ ဆော့ကစားပေးပါ။