အေးအေးနိုင်
အေးအေးနိုင် စာဖတ်ခြင်းကို နှစ်သက်ပြီး ဗဟုသုတများကို ပြန်လည်ဝေငှရ သည်ကို ပျော်ရွှင်နေသူ

တခြားလူတွေ ကြောင့်တဲ့လား

တခြားလူတွေ ကြောင့်တဲ့လား

“… ဒါကတော့ မတရားဘူးဖေဖေ။ သူများတွေကတော့ ကစားကွင်း သွားလို့ရပြီး၊ သားကတော့ ဘာကြောင့် မရတာလဲ။ …” “… သော်ဇင် ရဲ့မေမေက မေမေ့ထက်ပိုကောင်းတယ်။ သူ့ကို သူ့မေမေက နောက်ဆုံးပေါ် အိုင်ဖုန်း ဝယ်ပေးတယ်။ … “ “… ဇူးဇူး နဲ့ ဝိုင်းဝိုင်း ကတော့ ည ၉နာရီ ခွဲအထိ အပြင်ထွက်လို့ရ ပြီး သားကျတော့ ဘာလိုထွက်ခွင့်မရတာလဲ။ ..”

ဒီအသံလေးတွေနဲ့ ရင်းနှီးဖူးကြပြီး မဟုတ်လား။

ဒီလို အကြောင်းပြချက်လေးတွေနဲ့ သားသမီးတွေရဲ့ အပြစ်ပြောတဲ့စကားလေးတွေကို မကြားဖူးဘူးဆိုတဲ့ မိဘတွေကို ရှာရ အတော်ခက်ပါလိမ့်မယ်။ ထို့အတူဘဲ သားသမီးတွေရဲ့ အကြောင်းပြချက်တွေကို တစ်ချိန်မျှ မလိုက်လျောတဲ့ မိဘတွေ ဆိုတာလည်း ရှားပါတယ်။

ဘာဖြစ်လို့ ဒီလိုအကြောင်းပြချက်တွေကို လက်ခံလာဖို့ ဖြစ်လာတာလဲ။ ဘာဖြစ်လို့ ဂရုစိုက်နေရတာလဲ။ ဘယ်လိုလုပ်မှ ပတ်ဝန်းကျင်ရဲ့ဖိအားတွေကို ဖယ်ထုတ်နိုင်မှာလဲ။ ပတ်ဝန်းကျင်ရဲ့ ဖိအားပေးတာကို ခံနိုင်ရည်ရှိပြီး၊ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်သော သားသမီးတွေဖြစ်လာစေဖို့ ဘယ်လို လုပ်ပေးနိုင်သလဲ။

ရှာကြည့်ရအောင်။

ပတ်ဝန်းကျင်ရဲ့ဖိအားတွေက ကျွန်တော်တို့ အပေါ်ကို ဘယ်လို သက်ရောက်နေသလဲ။

(၁) ကျွန်တော်တို့တွေ ကိုယ်တိုင်က ပတ်ဝန်းကျင်မှာ အတင်းဝင်ဆံ့အောင် သက်သက် ကြိုးစားနေလို့ပါ။

ကျွန်တော်တို့ တွေရဲ့ အပြုအမူ တော်တော်များများမှာ ပတ်ဝန်းကျင် ဝေဖန်ခြင်း ခံရမှာကို ကြောက်တာနဲ့ အသိုင်းအဝိုင်းထဲ အတင်းဝင်ဆန့်အောင်နေချင်တဲ့ ဆန္ဒတွေ ကြီးစိုးခံနေရပါတယ်။ ၎င်းဆန္ဒတွေကြောင့် စိတ်မပါရင်တောင်မှ ဟန်ဆောင် ထားတတ်ပါတယ်။ စိတ်ကို ချိုးနှိမ်ထားတတ်ကြပါတယ်။ စိတ်ပညာရှင် လေ့လာတွေ့ရှိချက်တခုက ကျွန်တော်ကို အမှတ်ရစေတယ်။

တခါက အခန်းတစ်ခန်းထဲမှာ လူတစု(ဆယ်ယောက်ခန့်) ကို အတူထိုင်စေပြီး တူညီနေတဲ့ မျဉ်း ၂ကြောင်းကို ကြည့်စေခဲ့ပါတယ်။ ပြီးတော့ ဘယ်မျဉ်းက ပိုရှည်တယ် ထင်လည်းဆိုပြီး တစ်ယောက်ချင်းစီ ပြောခိုင်းပါတယ်။

၁၀ယောက်မှာ ၉ယောက်လောက်က ပထမမျဉ်းကြောင်းက ပိုရှည်ကြောင်း ရွေးချယ်ခဲ့ပါတယ်။ ဆယ်ယောက်မြောက်သူ ဘာကို ရွေးမယ်လို့ သင် ထင်ပါသလဲ။ ဆယ်ယောက်မြောက်သူ မသိသည့် အချက်ကတော့ ဒီ ၉ယောက်ကို အတွင်းလူတွေ ဖြစ်ပြီး၊ ရွေးရမယ့် မျဉ်းကို ကြို တိုင်ပင်ထားပြီးသားပါ။

စိတ်ဝင်စားစရာကောင်းတာကတော့ ဒီလိုမျိုး စမ်းသပ်ချက်တွေကို အကြိမ်ကြိမ် လုပ်ကြည့်ခဲ့ပါတယ်။ ဒီလိုစမ်းသပ်ချက်တိုင်းမှာ ဆယ်ယောက်မြောက်ပါဝင်သူ ကလည်း တခြားသူတွေအတိုင်းပဲ ပထမမျဉ်းကြောင်းကိုသာ အရှည်ဆုံးအဖြစ် ရွေးချယ်ပါတယ်။

နောက်ပိုင်းမှာတော့ သူတို့ရွေးချယ်ခဲ့တာ မှန်တယ်လို့ မထင်မိကြောင်းကို ဝန်ခံခဲ့ပါတယ်။ အတင်းအကြပ်ခိုင်းတာမျိုး၊ ငွေကြေးမက်လုံးပေးပြီး ခိုင်းတာ မဟုတ်ပါဘဲနှင့် ဘာဖြစ်လို့ ဒိလို လုပ်မိတာပါလဲ။ ကျွန်တော်တို့တွေအများစုက ဘေး ပတ်ဝန်းကျင် အပေါင်းအပါတွေနဲ့တူအောင် အလိုလို လိုက်နေ၊ လိုက်လုပ်တတ်ကြောင်း ပြသလိုက်တဲ့ ဥပမာကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

(၂) တာဝန်ယူလိုစိတ်တွေကို လျော့ပါးသွားစေလို့ ဖြစ်ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ တွေ့ရှိချက် တစ်ခုကတော့ မိဘတွေမှာ တာဝန်ယူရမယ့် စိတ်လျော့ကျသွားတာ မြင်ရပါတယ်။ အများအတိုင်း လုပ်တာမို့လို့၊ ပြဿနာဟာ ကိုယ်တစ်ယောက်ထဲ ဖြစ်တာ မဟုတ်လို့ တာဝန်ခံရမယ့် စိတ်လျော့ပါးသွားတာ မဆန်းပါ။ လူများလေ၊ တာဝန်ပေါ့လေပါပဲ။ ခုခေတ်မှာ ကလေး ငယ်ငယ်လေးတွေက အစ၊ ထမင်းစားရင် ဖုန်းကြည့်တာ တွေ့မိပါလိမ့်မယ်။ အရင်က နှာခေါင်းရှုံ့မိပေမယ့်၊ တခြား ကလေးတွေလည်း ဒီလိုပါပဲလေ ဆိုပြီး လိုက်လျောတတ်တဲ့ မိဘတွေလည်း ရှိပါတယ်။ အုပ်စုတစုမှာ လူတွေများများပါဝင်လာလေ‌‌၊ တာဝန်ယူလိုစိတ်တွေလျော့လာလေပါဘဲ။

(၃) မိမိ အမြင်နှင့် သူတပါး အမြင်

ကျနော်တို့ ထင်ထားတာက အများနှင့် တူညီတဲ့ အတွေးအခေါ်၊ အပြုအမူ အတိုင်း လိုက်လုပ်ရင် အများနဲ့ အဆင်ပြေမယ်လို့ ယူဆ ကြပါတယ်။ ပတ်ဝန်းကျင်မှာ ဂွဇာကျတဲ့ သူတွေကို လူတွေက ဘယ်လိုလို့ ကြိုက်မှာတုန်း။ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် လုပ်မှ လူတွေက ကိုယ့်ကို သဘောကျမှာပေါ့။

နောက်တချက်က ကိုယ့် အမြင်တွေနဲ့ သိပ်မတူရင်တောင်၊ ကိုယ်လေးစားတဲ့ တန်ဖိုးထားတဲ့ တခြားသူတွေ အမြင်ကို ပိုဦးစားပေးတာပါ။ သူတို့က ကိုယ့်ထက် ဉာဏ်ပညာ၊ အတွေးအခေါ်၊ အတွေ့အကြုံ ပိုများတတ်တယ်။ သူတို့ အတိုင်း လိုက်လုပ်ရင် အမှား မရှိဘူး လို့ ထင်တတ်ပါတယ်။

အကျဉ်းချုံးကြည့်မယ်ဆိုရင် ကျွန်တော်တို့တွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မယုံကြည်ပဲ သူများပြောသလို မှန်တယ် မှားတယ်ဆိုတဲ့ အတိုင်း မိဘတွေက သားသမီးအပေါ် လိုက်လုပ်သင့်ပါသလား။ ၎င်းနည်းလမ်းက ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား။

တကယ်တော့ ဒီလို ပတ်ဝန်းကျင်ဖိအားတွေ မိဘရော၊ ကလေး အပေါ်မှာပါ သက်ရောက်နေတယ်ဆို သတိထားမိဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ ကလေးနဲ့အတူတူ အေးအေးဆေးဆေး ထိုင်ပြီး ဆွေးနွေးပါ။ ကလေး ဆန္ဒကို မေးမြန်းပါ။ ကလေး နားလည်အောင် ပြောပြပါ။ ဒီလို ပုံစံမျိုးကို သုံးခြင်းအားဖြင့် ကလေးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ တကယ့် အတွင်းစိတ်ကို ဝင်ကြည့် နိုင်ပြီး သူတို့လေးတွေရဲ့ ပြဿနာကို အတူတကွဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။