ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

ပတ်၀န်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေး

ပတ်၀န်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေး

သင့်ပတ်ဝန်းကျင်မှာ ကလေးတွေက တခြားသူတွေနဲ့ ပြောဆို၊ ဆက်ဆံတဲ့အခါ အချို့က ရင်းရင်းနှီးနှီးရှိပြီး၊ အချို့က ရှက်သလို၊ ကြောက်သလို ပုံစံမျိုး ဖြစ်နေတာ သတိထားမိပါသလား။ ‌ကလေးတိုင်းရဲ့ ပေါင်းသင်းဆက်ဆံရေးက မတူကြပါ။ သင်ယူနိုင်‌တဲ့ စွမ်းရည်ကလည်း အသက်နဲ့အလိုက် ကွာခြားပါသေးတယ်။ Social Rules for Kids ကို ရေးသားသော ဆရာမ Dr. Susan Diamond က ဒီလိုဆိုပါတယ်။ “ကလေးရဲ့ အသက်အရွယ်အလိုက် မတူကြဘူး ဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ကလေးကို အကူအညီ ပေးဖို့ လို၊ မလိုဆိုတာ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။”

ဒီစာမှာ ကလေးတယောက်ရဲ့ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် အကူအညီ ပေးနိုင်မည့် အချက် (၃) ချက်ကို ဝေမျှပေးမည်ဖြစ်ပါသည်။

၁။ အသက်အရွယ်နှင့် အလိုက် ကလေးတစ်ယောက်၏ ပေါင်းသင်းဆက်ဆံရေး

၂ နှစ် မှ ၃ နှစ် - တခြားသူများကို စပြီး နှုတ်ဆက်တတ်လာပါပြီ။ Hi တို့ Bye Bye တို့ ဆိုတာကို ပါးစပ်ရော၊ လက်ရော သုံးပြီး နှုတ်ဆက်တက်လာပါပြီ။ သူ့ကို စကားပြောနေရင် ပြန်ကြည့်တတ်ပြီး၊ ရီစရာကောင်းတာတွေ့ရင် ရီတတ်နေပါပြီ။

၃ နှစ် မှ ၄ နှစ် - တခြား ကလေးတွေနှင့် ဆော့ရင် ကိုယ့်အလှည့်ကို စောင့်ပြီး ဆော့တတ်ပါပြီ။ အရုပ်လေးတွေနဲ့ စကားတွေပြောပြီးလည်း ဆော့တတ်ပါတယ်။

၄ နှစ် မှ ၅ နှစ် - အခြားကလေးတွေနဲ့ ပေါင်းပြီး ဆော့တတ်နေပါပြီ။ “ပြေး”၊ “ရပ်” စသဖြင့် ပြောပြီး ဆော့တတ်ပါပြီ။ လူကြီးတွေလို ဟန်ဆောင်ပြီးတော့လည်း ဆော့တတ်ပါတယ်။

၅ နှစ် မှ ၆ နှစ် - သူငယ်ချင်းတွေကို ပိုခင်တွယ်တတ်လာပါပြီ။ မတော်တဆ ခိုက်မိရင်လည်း “Sorry” တို့၊ ဘာတို့လည်း ပြောတတ်လာပါပြီ။ မကောင်းတဲ့ စကားတွေလည်း တတ်လာသလို၊ တခြားသူတွေနဲ့ ဆော့တာမှာလည်း ပိုပြီး အထာကျလာတယ်။

၆ နှစ် မှ ၇ နှစ် - သနားစရာ ရှိရင် သနားတတ်ပြီး၊ ရယ်စရာ ရှိလည်း လိုက်ရယ်တတ်ပါတယ်။ ဝေမျှတတ်လာပြီး၊ တခြားသူတွေနှင့် ပိုပြီး နားလည်၊ နားထောင်တတ်လာပါတယ်။ ဒါပေမယ့် အမှား၊ အမှန်တော့ မခွဲခြားတတ်သေးပါဘူး။

၂။ ပေါင်းသင်းဆက်ဆံရေးကို ပိုမို ကောင်းမွန်လာစေသော လေ့ကျင့်ပေးနိုင်သော အချက် တချို့

‌အကောင်းဆုံး နည်းလမ်းမှာ အခြား ကလေးတွေနှင့် အတူတူ ဆော့ပေးစေလိုက်ခြင်း ဖြစ်ပါတယ်။ ကလေး မဆော့ခင် ကြိုတင်ပြီး တခြား ကလေးနှင့် ရန်မဖြစ်ဖို့၊ တစ်ယောက် ‌တစ်လှည့် ဆော့ဖို့ မှာထားနိုင်ပါတယ်။ လိုအပ်ရင် ကြိုတင်ပြီး ကလေးကို ‌အစမ်း က‌စားပြချင်းဖြင့်လည်း သူအတွက် ပိုပြီး ယုံကြည်စိတ် တိုးပွားစေပြီး၊ စိတ်သက်သာရာ ရစေပါတယ်။ ကလေး စိတ်အထူးပြု ဆရာဝန် Dr. Lawrence Balter က ဒီလို အချက် (၄) ချက်ကို အကြံပေးပါတယ်။

  • စာနာစိတ် ထားတတ်အောင် သင်ပေးပါ - ကလေး ‌စာနာစိတ် ထားတတ်ဖို့ ဆိုရင် အခြေအနေတွေကို အမျိုးမျိုး ပြောပြပြီး၊ ဘယ်လိုဆိုရင် ဘယ်လို စိတ်ထားတတ်ဖို့ သင်ပေးဖို့ လိုပါတယ်။

  • သူ့နေရာ ကိုယ့်‌နေရာ နားလည်အောင် ပြောပြပေးပါ။ ကိုယ်ကြိုက်တိုင်း သူများကို အတင်း မလုပ်ခိုင်းဖို့၊ တခြားသူမှာ သူ့စိတ်ကြိုက်သူ ရွှေးချယ်နိုင်တယ် ဆိုတာကို နားလည်အောင် ရှင်းပြပါ။

  • အသက်အရွယ်အလိုက် သူတို့ ကလေးတွေ ဘယ်လို ‌ပြောလို့ ရတယ် လမ်းကြောင်းပေးပါ။ ဥပမာ တခြားကလေးတွေ ဆော့နေတာကို သူလည်း ဝင်ဆော့ချင်ရင် ဘယ်လို လုပ်ရမယ် ဆိုတာမျိုး။

  • ကိုယ့်အလှည့်ကို စောင့်တတ်ဖို့ ကိုလည်း လေ့ကျင့်ပေးပါ။ တခြားသူတွေနှင့် ဆော့ဖို့၊ ဝင်ပြီး လိုက်လျော ညီထွေရှိဖို့ စိတ်ရှည်ဖို့ လိုကြောင်း သင်ပေးပါ။

၃။ ပေါင်းသင်းဆက်ဆံရေး လေ့ကျင့်ပေးသော နည်းလမ်းများ

ပေါင်းသင်းဆက်ဆံရေးကို ပိုမို ကောင်းမွန်လာစေရန် အထောက်အကူ ဖြစ်စေရန် သုတေသန ပညာရှင်များ ဖြစ်ကြသော Sandra Sandy ‌နှင့် Kathleen Cochran တို့က The Name Game and Follow the Leader ဆိုသော ကစားနည်း နှစ်မျိုး တီထွင်ထားပါတယ်။ ဒီ The Name Game ကစားနည်းတွင် ကလေးတွေကို ဝိုင်းထိုင်ခိုင်းပါ။ ပြီးရင် ဘောလုံး ကိုင်ထားတဲ့ ကလေးက တခြား ကလေးတစ်ယောက် နာမည်ကို ခေါ်ပြီး၊ ဘောလုံးကို လှိမ့်ပေးပါ။ ဘောလုံးရတဲ့ ကလေးက နောက်ကလေး တစ်ယောက် နာမည်ကို ခေါ်ပြီး၊ ဘောလုံးကို ဆက်လှိမ့်ပေးရင်း က‌စားသော နည်း ဖြစ်ပါတယ်။ Follow the Leader ကစားနည်းက က‌လေးတွေကို ကိုယ့်အလှည့်ကို စောင့်တတ်ဖို့ ကိုလည်း လေ့ကျင့်ပေးသော ကစားနည်း တစ်မျိုး ဖြစ်ပါတယ်။ မိမိ ဖြစ်စေ၊ ကလေးကို ခေါင်းဆောင် လု‌ပ်ခိုင်းပြီး၊ ခေါင်းဆောင် လုပ်တာကို လိုက်လုပ်သော ကစားနည်း ဖြစ်ပါတယ်။

Dr. Susan Diamond က နောက်ထပ် အကြံပေးထားတဲ့ ‌အခြား နည်းလမ်းတွေကတော့ -

တီဗီကို အသံ မပါဘဲ ကြည့်ခိုင်းပါ။ တီဗီထဲက သရုပ်ဆောင်တွေ အမူအရာကို ကြည့်ပြီး၊ ကလေးကို မေးကြည့်ပါ။ သရုပ်ဆောင်တွေ ဘာဖြစ်နေတာလဲ။ ဘာပြောနေတာလဲ။ ကလေးကို သရုပ်ဆောင်တွေ မျက်နှာ၊ ကိုယ် အမူအရာကို ခန့်မှန်းတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်း တစ်ခုပါ။ နောက် တစ်မျိုးက အသံကို နားထောင်ခိုင်းပြီး ခန့်မှန်းတတ်အောင် လေ့ကျင့်ပေးတဲ့ နည်းလမ်း တစ်ခုပါ။ ဥပမာ သရုပ်ဆောင် အသံထဲမှာ ပျော်နေသလား၊ စိတ်ဆိုးနေသလား။ အသံ‌ပေါ် မူတည်ပြီး ခန့်မှန်းရမှာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ Mobile Apps တွေလည်း ပေါ်လာပြီ ဖြစ်ပါတယ်။ Model Me Going Places App မှာ တခြားကလေးတွေ သရုပ်ဆောင် ပြတာကို လေ့လာလို့ ရပါတယ်။ Responding Social Skills App က ကလေးကို ဘယ်လို တုံ့ပြန်ရမလဲ၊ သူများ ဘာဖြစ်နေလဲ ဆိုတာကို သင်ကြားပေးပါတယ်။

အကယ်၍ ကလေးဟာ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှု နှေးနေသေးရင် ဆရာဝန်နှင့် တိုင်ပင်ကြည့်ပါ။