ကလေး ကျောင်းမှာ ဗိုလ်ကျနေပြီလား။

ကျောင်းက ဆရာမက ပြောတော့ ပထမ အံ့သြမိတယ်။ နောက် စိတ်လည်း ငြီးငြူသွားမိတယ်။ ကလေး အိမ်မှာ ဗိုလ်ကျတတ်တာမှန်း သိပေမယ့်၊ ကျောင်းမှာ တခြား ကလေးတွေ အပေါ် ဗိုလ်ကျ အနိုင်ကျင့်တယ်ဆိုတော့ မယုံချင်သလိုလို။ နောက် ဒီသတင်းက တဖြည်းဖြည်း တခြား မိဘတွေဆီကပါ အသံတွေ ထွက်လာတယ်။ ကျွန်မ ကလေးက လူတွေ မကြိုက်တဲ့၊ ရွံရှာတဲ့၊ ဝိုင်းရှောင်ကျင်လာကျတဲ့ ဗိုလ်(Bully) တစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာနေပြီလား။ သူအတွက် သူငယ်ချင်းကောင်းတွေကော ရှိနိုင်ပါအုန်းမလား။ ဒီလို ကလေးကို ဘယ်လို ပြုပြင် ပြုစု ပျိုးထောင်ပေးရမလဲ။
ဘာကြောင့် ကလေး ဗိုလ်ကျလိုစိတ်တွေ ဖြစ်လာတာလဲ။
ကလေး ဒီလို ဖြစ်လာရတဲ့ အကြောင်းရင်းတွေက အများကြီး ဖြစ်နိုင်ပါတယ်။ တချို့ကလေးက မိမိကိုယ်ကို လုံခြုံ စိတ်ချမှု မရှိလို့ပါ။ တခြား ကိုယ့်ထက် အားနည်းသူတွေကို ဗိုလ်ကျချင်းအားဖြင့် ပိုပြီး ကျော်ဇောတယ်၊ ကိုယ်ကိုကိုယ် ပိုပြီး ယုံကြည်စိတ် တိုးပွားလာတယ်လို့ ထင်လို့ပါ။ တချို့ ကလေးတွေကျတော့လည်း ဗိုလ်ကျတဲ့ အပြုအမူဟာ မကောင်းဘူး ဆိုတာကို မသိတာပါ။ အထူးသဖြင့် ကိုယ်နှင့် မတူတဲ့ အရွယ်အစား၊ ရုပ်သွင်ပြင်၊ အသားအရောင်၊ လူမျိုး ဘာသာ တွေကို ဖိနှိပ်လိုတတ်တဲ့ စိတ်ကလေးတွေ ရှိတတ်ပါတယ်။ အသားရောင် အဖြူက အညိုကို မသိမသာ ဖိနှိပ်တယ်။ အညိုက အမဲကို မသိမသာ ဖိနှိပ်တယ်။
တချို့ကလေးတွေမှာ ပုန်ကန်လိုတတ်တဲ့ စိတ်တွေ ပြင်းတာကို မြင်ရတတ်ပါတယ်။ ကြမ်းကြမ်းတမ်းတမ်း လုပ်ချင် ကိုင်ချင်တယ်။ ဒေါသကြီးတယ်။ လက်တွေ၊ ခြေတွေနှင့် ရိုက်နှက် ပုတ်ခတ်ချင်တတ်တယ်။ ဒီ ဗီဇရှိတတ်တဲ့ ကလေးက သူအတွက် စိတ်ကို ထိမ်းတတ်ဖို့ နည်းလမ်းတွေ သင်ပေးဖို့ လိုအပ်ပါတယ်။ ကလေး စိတ်ပညာရှင်တွေနှင့် တိုင်ပင်ပြီး၊ ကလေး စိတ်ခံစားချက်တွေကို ကိုင်တွယ်တတ်ဖို့ လေ့ကျင့်ပေးတာမျိုး လုပ်နိုင်ပါတယ်။
ကလေးတွေဟာ အတုမြင် အတတ်သင်လွယ်သူတွေပါ။ လေ့လာတွေ့ရှိချက်တွေအရ ကျောင်းတွေမှာ ဗိုလ်ကျတတ်တဲ့ ကလေးတွေရဲ့ အိမ်မှာ အဆင်မပြေတာတွေကို တွေ့ရတတ်ပါတယ်။ သူ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်မှာ ဒီလို ဗိုလ်ကျ၊ အနိုင်ကျင့်တာတွေကို တွေ့မြင်လာရာကနေ၊ မသိမသာ သူ့ အတွင်းစိတ်မှာ ကြီးထွားလာတဲ့ အစိုင်အခဲတွေ ဖြစ်တတ်ပါတယ်။ ပြီးတော့ သူ့ စိတ်ထဲမှာ အနိုင်ကျင့်နိုင်သူတွေကို အားပိုကြီးပြီး၊ အနိုင်ကျင့်ခံရသူတွေက လူပျော့တွေလို့လည်း ထင်နေတတ်ပါတယ်။
ကလေးကို ဘယ်လို ကူညီပေးနိုင်မလဲ။
ပထမဆုံးအနေနှင့် ဗိုလ်ကျတာဟာ မကောင်းဘူး၊ လူတွေက လက်မခံဘူး ဆိုတာကို ကလေး နားလည်အောင် ပြောပြပါ။ အိမ်မှာ၊ ကျောင်းမှာ၊ လူပတ်ဝန်းကျင်မှာ ဗိုလ်ကျချင်း အားဖြင့် ဘာ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေ ဖြစ်သွားနိုင်တယ် ဆိုတာကို ရှင်းပြပါ။
ကလေး ဘာကြောင့် ဗိုလ်ကျလိုချင်တယ့် အကြောင်းရင်းကို ရအောင် ရှာပါ။ မသိလို့လား။ ဗီဇ ရှိနေလို့လား။ အိမ်မှာ ပြဿနာတွေလား။ အရေးကြီးသော အချက် အချို့က
- ဗိုလ်ကျတာကို လုံးဝ လက်မခံပါနှင့်။ အိမ်မှာ ဖြစ်ဖြစ်၊ ကျောင်းမှာ ဖြစ်ဖြစ် ဗိုလ်ကျတာကို လက်မခံဘူး ဆိုတာ ကလေးကို နားလည်အောင် ပြောပြပါ။ အခု နောက်ပိုင်းမှာ အနိုင်ကျင့်တာဟာ အင်တာနာတွေမှာပါ လုပ်လာတာကို တွေ့လာရပါတယ်။ ဒီလို လုပ်တာတွေ့ရင်လည်း လက်မခံပါနှင့်။
- တခြားသူတွေကို ကိုယ်ချင်းစာနာစိတ် ရှိအောင် သွင်သင်ပါ။ မတူခြားနားတာကို မဖိနှိပ်ဖို့၊ အထူးသဖြင့် အသားအရောင်၊ ဘာသာစကား၊ ခန္တာကိုယ် အသွင်အပြင် တွေ မတူတတ်တာဟာ အပြစ်မဟုတ်ဘူး။ သဘာဝ တရားကို နားလည်တတ်ဖို့ သင်ကြားပေးနိုင်ပါတယ်။
- ကိုယ် ကလေးကို ဘာတွေ ဖြစ်နေတယ် ဆိုတာကိုလည်း ဂရုစိုက်ပါ။ သူ ကျောင်းမှာ ဘာတွေ ဖြစ်နေသလဲ။ သူငယ်ချင်းတွေနှင့် အဆင်ပြေရဲ့လား။ တခြား မိဘတွေနှင့်လည်း မေးမြန်းကြည့်ပါ။ ဆရာတွေက ဘာတွေ ပြောနေလဲ။ တခြား လူတွေနှင့် အဆင်ပြေလား။
- အားပေးစကားတွေလည်း ပြောပါ။ သူ အပြုအမှုကောင်းလေးတွေ မြင်ရင် ချီးကျူးပေးပါ။ ဘာကြောင့် ချီးကျူးနေတယ် ဆိုတာကိုလည်း ပြောဖို့ မမေ့ပါနှင့်။ ဥပမာ တခြား ကလေးရဲ့ ပစ္စည်း ကျကျန်ရစ်တာကို မြင်လို့ လိုက် ကူကောက်ပေးတဲ့ အခါမျိုးမှာ ချီးကျူးစကား ဆိုပါ။ ဗိုလ်ကျတာထက်၊ သူများကို ကူညီတာဟာ ပိုကောင်းတယ် ဆိုတဲ့ စိတ်မျိုး ဝင်သွားစေဖို့ အရေးကြီးပါတယ်။
- မိဘ ကိုယ်တိုင်ကလည်း စံပြ နေပါ။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး မလုပ်မိပါစေနှင့်။ ကိုယ်က သူများကို သွင်သင် ဆုံးမချင်ရင် ကိုယ်ကိုတိုင်ကလည်း အပြစ်မရှိအောင် နေတတ်ဖို့ အရေးကြီးပါတယ်။ ကလေးတွေက ဘေးပတ်ဝန်းကျင်ကို အမြဲ လေ့လာ သင်ယူနေတာကြောင့် အကောင်းတွေ မြင်ရင် အကောင်းကို အတုယူသွားပါလိမ့်မယ်။
ကလေးကို သွင်သင် ဆုံးမတာဟာ ခက်ခဲသလို၊ တခါတလေ စိတ်ပျက်ရပါတယ်။ သိထားသင့်တာက ဗိုလ်ကျတတ်ခြင်းဟာ သူဘာသာသူ အသက်အရွယ် ရောက်ရင် ရပ်တန့်သွားတတ်တဲ့ အရာ မဟုတ်ဘူး ဆိုတာပါပဲ။ ကလေးရဲ့ နောင်ရေး၊ အထူးသဖြင့် တခြား လူတွေနှင့် ဆက်ဆံရေးမှာ အောင်မြင် ပြေပြစ်နိုင်ဖို့ကို ရှေးရှု့ပြီး ကလေးကို သွင်သင် ဆုံးမဖို့ အရေးကြီးလှပါတယ်။
ကလေး နောက်ပြောင်မှု ဘေးရန်ကို ဘယ်လို ရင်ဆိုင်ရမလဲ အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။
ကလေးအချင်းချင်း အနိုင်ကျင့်ခြင်း အကြောင်းကို ဆက်ဖတ်ချင်တယ် ဆိုရင် ဒီကို နှိပ်ပါ။