ကလေးနှင့် ငွေကြေး သင်ခန်းစာ အခြေခံ (၅) ချက်

တချို့နိုင်ငံများတွင် ကလေးကို ငယ်စဉ် ကာလကပင် ငွေကြေးနှင့် ပတ်သတ်၍ ရင်းနှီးမှု ရှိအောင် ကြိုတင် သင်ကြားပေးလေ့ ရှိသည်။ အထူးသဖြင့် နောက်ပိုင်းတွင် စာသင်ကျောင်းများမှာပင် ငွေကြေးနှင့် ပတ်သတ်၍ အခြေခံ သဘောတရားများကို သင်ကြားပေးလာကြသည်။ ကျွန်တော်တို့ ငယ်ငယ်က ကလေး ငွေကိုင်တာကို မကြိုက်။ တခါတလေ ဧည့်သည်က မုန့်ဖိုးပေးသွားလျှင်ပင် ဧည့်သည် ပြန်သွားသည်နှင့် မိဘများက ပိုက်ဆံကို သိမ်းသွားပေသည်။ ကြီးလာတော့ ပိုက်ဆံကို စနစ်တကျ မသုံးတတ်၍ မကြာခဏ ပိုက်ဆံပြတ်သည်။ ပိုက်ဆံတန်ဖိုးကို ကိုယ်တိုင် ရှာရသည့် အချိန်မှ တန်ဖိုးထားတတ်လာသည်။ ဒါတောင် ငွေကြေးနှင့် ပတ်သတ်၍ ဘာမှ နားမလည်။ မျက်လုံးသူငယ် နားသူငယ် ဖြစ်ရလေသည်။ ငယ်ငယ်က ငွေကြေးနှင့် ပတ်သတ်၍ သိသင့်သလောက် သင်ကြားထားပါက အင်မတန်ပင် အကျိုးများပေမည် ယူဆ၍ တဆင့် မျှဝေလိုက်ပါသည်။
၁။ ဘဏ်ဆိုတာ ဘာလဲ။ ဘာကြောင့် လူတွေက ဘဏ်ကို သွားနေတာလဲ။
သင် ဘဏ် ATM (အလိုအလျောက် ငွေသွင်းငွေထုတ်စက်)မှာ ငွေထုတ်နေတုန်း (သို့) ဘဏ်ကောင်တာမှာ ငွေထုတ်နေတဲ့ အချိန်မှာ ကလေးက မြင်နေပေမယ့် ငွေတန်ဖိုးကို နားလည်မှာ မဟုတ်ပါဘူး။ သူတို့ စိတ်ထဲမှာ စက်က ငွေထွက်တယ် ဆိုတာကိုသာ သိပါလိမ့်မည်။ ကလေးကို ဒီငွေဟာ စက်က အလိုလို ထွက်တာ မဟုတ်ဘူး ဆိုတာကို ရှင်းပြပါ။ အလုပ်လုပ်ပြီးမှ ရလာသော ငွေဆိုတာ သူတို့ သိပါစေ။ ဘဏ်ဆိုတာ ဒီငွေတွေကို လုံလုံခြုံခြုံ သိမ်းထားပေးသော လုပ်ငန်းတစ်ခု ဆိုတာ ဖြစ်ကြောင်း ရှင်းပြပေးပါ။
၂။ ငွေကို စနစ်တကျ ဘယ်လို အသုံးချရမလဲ။
ကလေးတစ်ယောက်ကို ငွေ စနစ်တကျ အသုံးချနည်း သင်ပေးနိုင်သော နည်းလမ်းက သူတို့ကို ကိုယ်တိုင် စီမံ ခန့်ခွဲစေတာပဲ ဖြစ်ပါတယ်။ နေ့တိုင်း မုန့်ဖိုးပေးမည့် အစား တစ်ပတ်စာ (သို့) တစ်လစာ ပေးပြီး စမ်းသပ်ကြည့်နိုင်ပါတယ်။ ပြီးတော့ သူတို့ကို သူတိို့ ကြိုက်တာ သူတို့ ဝယ်နိုင်ခွင့် ပေးလိုက်ပါ။ သူတို့ ငွေပြတ်သွားရင်လည်း ဝင်ပြီး မကူပါနှင့်။ ဒါမှ ငွေပြတ်သော တန်ဖိုးကို နားလည်နိုင်သလို၊ ဘာအရာဟာ အရေးကြီးတယ် ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ သူတို့ အမှားတွေလည်း လုပ်မိပါလိမ့်မယ်။ စိတ်ရှည်ရှည်ထားပြီး စောင့်ကြည့်ပါ။
၃။ ဘတ်ဂျက် သဘောတရား
ငွေကို စနစ်တကျ ခွဲဝေ အသုံးချတတ်ခြင်းဟာ ဘဝအတွက် အင်မတန် အရေးကြီးသော သင်ခန်းစာ တစ်ခု ဖြစ်ပါသည်။ နောက်တစ်ခါ သင် အပြင်မှာ စျေးဝယ်ထွက်သောအခါ ကလေးကို ခေါ်သွားပြီး ဘတ်ဂျက် အကြောင်း သင်ပေးနိုင်ပါတယ်။ ဥပမာ ဒီနေ့ ချက်ဖို့ ဝယ်ရမည့် ဟင်းသီးဟင်းရာကို အရင် ဝယ်ရမလား။ အိမ်မှာ အလှထားတာကို အရင် ဝယ်ရမလား။ အဓိကနှင့် သာမညကို ခွဲခြားတတ်အောင် သင်ပေးပါ။ ကလေးက အသက်နည်းနည်းကြီးရင် ပိုက်ဆံ တစ်ခု ပေးပြီး၊ လိုနေသော ပစ္စည်းစာရင်း တစ်ခုကို ပြ၍ သူ့ကို ဝယ်ခိုင်းကြည့်ပါ။ ဒါဆိုရင် သူ့စိတ်ထဲမှာ လိုတာနှင့် မလိုတာကို ခွဲခြားပြီး သိသွားသလို၊ ဘာက ဘာထက် ပိုပြီး အရေးကြီးတာကိုပါ နားလည်သွားပါလိမ့်မည်။
၄။ ငွေ မှန်မှန် စုဆောင်းခြင်း တန်ဖိုး
စုဘူးနှင့် ဖြစ်ဖြစ်၊ ဘဏ်မှာ ဖြစ်ဖြစ် ငွေကို မှန်မှန် စုတတ်ဖို့ ဆိုတာ စည်းကမ်းရှိဖို့၊ စိတ်ရှည်တတ်ဖို့လည်း လိုပါတယ်။ ဒါကို ငယ်ငယ်လေးထဲက အကျင့်ဖြစ်အောင် လုပ်ပေးနိုင်ရင် သူ့အတွက် နောင်ရေး အင်မတန် ကောင်းသော အချက် ဖြစ်ပါတယ်။ ကျွန်တော် ငယ်ငယ်က ကျောင်းအတန်းသစ် တတ်တိုင်း လွယ်အိတ် အသစ်၊ ကွန်ပါဘူး အသစ် လိုချင်ပါတယ်။ အဖေက ဒါတွေ လိုချင်ရင် နွေရာသီ ကျောင်းပိတ်ရက်မှာ အိမ်အလုပ်တွေ ကူလုပ်ရမည်လို့ ဆိုပါတယ်။ အလုပ်လုပ်တိုင်း မုန့်ဖိုးပေးပါတယ်။ ပေးတိုင်း သူက မေးပါတယ်။ ငွေကို အခု ယူမလား။ သူ့ဆီမှာ စုမလား။ သူ့ဆီမှာ စုရင် အတိုးပေးပါတယ်။ ကျောင်းဖွင့်တော့ စာရင်းပြပြီး ကျွန်တော် လိုချင်သော လွယ်အိတ် (သို့) ကွန်ပါဘူး ကိုယ်ဘာသာကို သွားဝယ်စေပါတယ်။ အမေက ကျွန်တော် ရွေးတာကို မကြိုက်ပါ။ အမြင်ပိုလှပေမယ့်၊ ပျက်ဆီးဖို့ လွယ်တယ်လို့ ထင်လို့ပါ။ ဒါပေမယ့် အဖေက ကျွန်တော် ပိုက်ဆံဖြစ်သည့် အတွက် ဝင်မပါရန် ဟန့်တားပါတယ်။ အင်မတန် ကောင်းသော ငွေ စုဆောင်းခြင်း သင်ခန်းစာလို့ ထင်ပါသည်။
၅။ ငွေရှာတတ်ခြင်း
အချို့ နိုင်ငံများတွင် ကလေး အထက်တန်း အရွယ်ခန့် ရောက်လာလျှင် မုန့်ဖိုး မပေးတော့ပေ။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များတွင် အချိန်ပိုင်း အလုပ်လုပ်စေပြီး ငွေရှာခြင်း သင်ခန်းစာကို ပေးလေ့ ရှိသည်။ မြန်မာပြည်တွင် ကျွန်တော် သူငယ်ချင်းများမှာ ဆိုင်ထိုင်ခိုင်းခြင်း၊ အခြား အလုပ်သမားများနှင့် အတူ အောက်ခြေသိမ်း အလုပ်က အစ လုပ်ကြရသည်။ ကိုယ်ပိုင်ဆိုင်ငန်း မရှိပါက မိမိ ယုံကြည် စိတ်ချရသော မိတ်ဆွေ၊ ဆွေမျိုးရင်းချာ တစ်ဦး လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်စေခြင်း ဖြင့်လည်း အလုပ်နှင့် ငွေတန်ဖိုးကို သိရှိ နားလည်စေနိုင်မည် ဖြစ်သည်။