ကလေး ကျောင်းပျော်စေချင်လိုရင်

Summary
အရင်ဆုံး သင်သိထားရမှာက ဘာကြောင့် ကလေး ကျောင်းမပျော်တာလဲ ဆိုသော အကြောင်းရင်းကို ရှာဖို့ ဖြစ်ပါသည်။ စာ မလိုက်နိုင်တာလား။ တခြား ကလေးတွေနှင့် ပြဿနာ ရှိနေလို့လား။ ဆရာ/မ တွေကို မကြိုက်လို့လား။ စာကို စိတ်မဝင်စားတာလား။ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုခု ဖြစ်နေသလား။ ဒါတွေ အားလုံးသည် ကလေးကို ကျောင်းမပျော်စေသော အကြောင်းရင်းများ ဖြစ်လေ့ ရှိပါသည်။
ပြဿနာတိုင်းကို ဖြေရှင်းနိုင်သော အဖြေလို့ တိတိကျကျ မရှိပေမယ့်၊ အောက်ပါ အချက်များကို စဉ်းစား စမ်းသပ်ကြည့်နိုင်ပါသည်။
ကိုယ်တိုင် ဝင်ပါကြည့်ပါ။
တချို့ မိဘတွေကို တွေ့ဖူးပါလိမ့်မည်။ အလုပ်များနေလို့ ဖြစ်စေ၊ အခြား အကြောင်းကြောင်းများကြောင့် ကလေး ပညာရေးတွင် ဝင်ရောက် ပါဝင်ပတ်သတ်မှု အားနည်းသည်ကို မြင်တွေ့ရပါသည်။ ဝင်ရောက် ပါဝင်ကြည့်ပါ။ ကလေး အိမ်စာကို အတူတူ လုပ်ကြည့်ပါ။ သူ့ကိုယ်စား လုပ်ခိုင်းခြင်း မလုပ်ပါ။ ကလေးနှင့် စာလုပ်ချိန်တွင် အတူတူ ထိုင်ပြီး အဖော်လုပ်ပေးတာမျိုး ဖြစ်ပါသည်။ သူ့ ကျောင်းစာကို သူ့နှင့် အတူတူ လုပ်ရင်း စာကို စိတ်ဝင်စားအောင် ကူညီကြည့်ပါ။ ကလေးကို အားပေးပါ။ သွားပြီး ဖိအားပေးတာမျိုး၊ ညင်းဆဲတာမျိုး မဖြစ်အောင်တော့ ဂရုစိုက်ပါ။ အဓိက အရေးအကြီးဆုံးက စာကို စိတ်ဝင်စားအောင် ကူညီ ဖေးမရန် ဖြစ်သည်။ “ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက်လေး” ဆိုသလိုတော့ မဖြစ်ပါစေနှင့်။
ကလေးအသက်အရွယ်အလိုက် ကြည့်ပြီး ကူသင့်သလို ကူပါ။ အသက်ကြီးသော ကလေးတွေအတွက် တခါတရံ ဤသို့ ဝင်ပါသည်ကို မနှစ်သက်ပါ။ မိဘ ဝင်ပါလျှင် တမင် ဆန့်ကျင်ဘက် လုပ်ပြတတ်သည်။ စာကို စိတ်ကုန်သွားတတ်သည်။
ဆုပေးစနစ်
တချို့ မိဘများက ဆုပေးစနစ် သုံးတာမျိုးကို မနှစ်သက်ပါ။ သူတို့ ပြောသည်မှာ မှန်သင့်သလောက်လည်း မှန်ပါသည်။ ဆုပေးသည်မှာ လာဘ်ထိုးခြင်း တစ်မျိုး ဖြစ်သည်။ ဥပမာ - ဒီအိမ်စာ ပြီးရင် သူလိုချင်သော ကစားစရာ ဝယ်ပေးမည်ဆိုသော အကျင့် လုပ်ထားမိပါက နောင်တွင် အင်မတန် ပြင်ရခက်သော ပြဿနာ ဖြစ်လာနိုင်ပေသည်။ သို့ရာတွင် ဆုပေးရာတွင် ပစ္စည်း၊ ရုပ်ဝတ္ထုဖြင့်သာ အသုံးပြုနိုင်သည်မဟုတ်ပါ။ ကလေး စိတ်ပညာရှင် Laura Fuhrman က “ကလေးများသည် မိဘများထံမှ ဆုပေးသည်ကို အင်မတန် နှစ်သက်ကြသည်။ နှုတ်ဖြင့် ချီးကျူးစကား ဆိုခြင်းကို ခုံမင်ကြသည်။ ပွေ့ဖက်ခြင်း၊ အနမ်းပေးခြင်းကို ခံယူလိုကြသည်။” မိဘ၏ ဂုဏ်ယူသံ၊ ဝမ်းမြောက်သံကို ကြားလိုကြ၍ ကြိုးစားကြသည်။
“ကလေးများသည် မိဘများထံမှ ဆုပေးသည်ကို အင်မတန် နှစ်သက်ကြသည်။ နှုတ်ဖြင့် ချီးကျူးစကား ဆိုခြင်းကို ခုံမင်ကြသည်။ ပွေ့ဖက်ခြင်း၊ အနမ်းပေးခြင်းကို ခံယူလိုကြသည်။
တခြား ကလေး စိတ်ပညာရှင် တစ်ဦးဖြစ်သူ Ken Schuster က ဆုပေးရာတွင် စျေးကြီးသော ပစ္စည်းများ အစား၊ အခြား အရာများဖြင့်လည်း အစားထိုးကြည့်နိုင်သည်ဟု ဆိုသည်။ ဥပမာ သူတို့နှင့် အတူတူ ကစားမည် ကတိပေးနိုင်သည်။ သို့မဟုတ် အိမ်မှာ ရှိသော သူတို့ အကြိုက် ချိုချင်၊ ရေခဲမုန့် တစ်ခုခု ဆုအဖြစ် ပေးနိုင်သည်။
ကြိုးစားခြင်းသည် ပဓာန
ရလာဒ်သည် အရေးပါသော်လည်း၊ ကြိုးစား အားထုတ်မှုက ပိုပြီး အရေးပါသော အချက်ဖြစ်သည်။
ကလေးကို အဓိက ပေးချင်သော သင်ခန်းစာမှာ ကြိုးစားအားထုတ်မှုကို အသိအမှတ် ပြုချင်း ဖြစ်သည်။ ရလာဒ်သည် အရေးပါသော်လည်း၊ ကြိုးစား အားထုတ်မှုက ပိုပြီး အရေးပါသော အချက်ဖြစ်သည်။ ကလေးကို ချီးကျူးစကား ဆိုရာတွင် အောင်မြင်သည်၊ မအောင်မြင်သည် ဆိုသော အချက်ထက် သူ၏ မလျော့သော ဇွဲလုံ့လ နှင့် အရှုံးမပေးတတ်သော စိတ်ဓာတ်ကို ထည့်သွင်း ချီးကျူးရန် လိုသည်။ ဘဝတွင် ကြိုးစားအားထုတ်ခြင်း၏ အရေးပါပုံကို သင်ကြားပေးခြင်းပင် ဖြစ်သည်။
ရေရှည်ကို မြင်တတ်အောင် သင်ကြားခြင်း
အသက်ကြီးသော ကလေးအတွက် ရေရှည်ကို မြင်တတ်အောင် သင်ကြားခြင်းသည် အင်မတန် အရေးကြီးပါသည်။ “နေရိပ်အလာ နေပူက စောင့်” ဆိုသလို နောင်တွင် အသာစံရန် ယခုအချိန်မှာ အပင်ပန်းခံရန် လိုအပ်သည်ကို သင်ကြား ပြသပါ။ စာကြိုးစား၍ အမှတ်ကောင်း ရမှသာ မိမိလိုချင်သော ဘဝ ပန်းတိုင်ကို ရောက်ဖို့ ပိုနီးစပ်မည့် အကြောင်း ပြောပြပေးပါ။ ပညာရေးသည် လူတစ်ယောက်၏ ဘဝကို ပြောင်းပေးနိုင်စွမ်း ရှိသော အရာဖြစ်ကြောင်း သင်ပေးပါ။ “ယခု ပင်ပန်းခြင်းသည် နောင်တွင် ပိုမို သာယာ အေးချမ်းသော ဘဝ တည်ဆောက်ရန် အကူအညီ အများကြီး ပေးနိုင်စေသော အရင်းအနှီး တစ်ခုပင် ဖြစ်သည်။” ဟု Dr. Fuhrman က ဆိုသည်။
အမှားတွေ လုပ်ပါစေ။
လူတိုင်းက စာမေးပွဲတိုင်းတွင် အမှတ်ပြည့် အမြဲ ရနေနိုင်မည် မဟုတ်ပါ။ ကလေးကို သူတို့အတတ်နိုင်ဆုံး ကြိုးစားရန် အားပေးရမည် ဖြစ်သော်လည်း၊ ဘဝသည် အမြဲ ကိုယ်လိုချင်သလို ဖြစ်လာမည် မဟုတ်ပါ။ တခါတရံ အမှားလုပ်မိခြင်း သင်ခန်းစာများသည် ဘဝ၏ အကောင်းဆုံး ဆရာများပင် ဖြစ်ပါသည်။ အမှားလုပ်မိရင် ပိုပြီး သတိထားမိသလို၊ နောင်တွင် အမှားကို ထပ်မလုပ်မိရန် ရှောင်ရှားနိုင်မည် ဖြစ်သည်။
အပြင်လူ၏ အကူအညီကို ယူကြည့်ပါ။
သင်နှင့် သင့်ကလေးကြား ကျောင်းစာတွေနှင့် ပတ်သတ်၍ အမြဲ ရန်ဖြစ်နေရပါသလား။ စကားများနေရပါသလား။ အပြင် ကျူရှင်ဆရာ (သို့) ဂိုက်ဆရာ တစ်ယောက်ယောက်ကို ခေါ်သင်စေနိုင်ပါသည်။ တချို့ ကလေးများသည် တခြား သူ့အရွယ် တခြားကလေး တစ်ယောက်ယောက် ပြောသော စကား၊ သင်သော အရာများကို ပိုပြီး နားဝင်တတ်ပါသည်။ နားလည်တတ်ပါသည်။ ဆက်ဆံရေး ပိုပြေလည်စေတတ်ပါသည်။ သင့်အတွက် ပိုက်ဆံ နည်းနည်း ပိုကုန်ပေမည့်၊ ကလေးအတွက် ပညာရေး ပိုကောင်းလာနိုင်ပါသည်။ ကျွန်တော့် အသိတစ်ယောက် ဖြစ်သူက ဆိုပါသည်။
“ကျွန်တော် အရင်က ညတိုင်း သားကို စာသင်ပေးတယ်။ စာသင်မယ် ဆိုရင် ကလေးက အိပ်ချင်ရတာနဲ့။ အိမ်သာ သွားချင်တာနဲ့။ စာလုပ်ခိုင်းရင် အချိန်တွေ ဆွဲနေတယ်။ ဆူလိုက်ရင် ငိုပြရတာနဲ့။ နောက် အိမ်နားက အတန်းကြီး ကျောင်းသားတစ်ယောက်ကို ခေါ်သင်ခိုင်းတယ်။ အဲဒါတော့ အဟုတ်။ စာလည်း ပိုလိုက်နိုင်တယ်။ သူ ပြောတာလည်း နားထောင်တယ်။ အဆင်ပိုပြေတယ်။ ကျွန်တော်လည်း ညတိုင်း စိတ်တိုစရာ မလိုတော့ဘူးပေါ့”။
ဆရာတွေနှင့် ပူးပေါင်းပါ။
နောက် အရေးပါသည်မှာ ကျောင်းက ဆရာ/မ များနှင့် အဆက်အဆံကောင်းဖို့ ဖြစ်သည်။ ဆရာ/မများမှာ အတွေ့အကြုံများသော သူများ ဖြစ်၍ ကလေး၏ လိုအပ်ချက်များကို ထောက်ပြပေးနိုင်ပါသည်။ ကလေး အားနည်းနေသော ဘာသာရပ်များကို မည်သို့ လုပ်ပေးနိုင်သည်များကို အကြံဉာဏ် ရယူနိုင်ပါသည်။ ထို့နည်းတူ သင့်ကလေးကို ကိုင်တွယ်ရန် နည်းလမ်းကောင်းများကိုလည်း ဆရာ/မ များနှင့် တိုင်ပင်ဆွေးနွေးနိုင်သည်။
တချို့သော ကလေးများတွင် အကျင့်တစ်မျိုးမျိုး ရှိတတ်ကြသည်။ ကျောင်းတွင် တစ်မျိုး၊ အိမ်တွင် တစ်မျိုး လုပ်ပါက ကလေးအတွက် စိတ်ထဲတွင် မည်သို့ လုပ်ရမည်ကို ရောနှောနေတတ်ပါသည်။ ထို့ကြောင့် ဖြစ်နိုင်လျှင် အိမ်ရော၊ ကျောင်းပါ တစ်ပုံစံထဲ ဖြစ်အောင် သင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းသည် ကလေးအတွက် အလွန် အကျိုးရှိစေပါသည်။ ဥပမာ ကျောင်းတွင် စာလုပ်ပြီးပါက ၁၀ မိနစ်မျှ ကစားခွင့် ပေးပါက အိမ်တွင်လည်း ဤနည်းတူ ကျင့်သုံးလျှင် ကလေးအတွက် ပိုပြီး အလေ့အကျင့် ဖြစ်စေပါသည်။
အခြား ဘဝတူ မိဘများဖြင့်လည်း အဆက်အသွယ် ထားပါ။
တခါတရံ မိဘများ အနေဖြင့် ကလေး ကျောင်းစာတွင် အားနည်းချက်များကြောင့် စိတ်ဆင်းရဲကြပါသည်။ စိတ်ညစ်ရပါသည်။ ပတ်ဝန်းကျင်၏ ဖိအားပေးမှုများကို မသိမသာ ခံရတတ်ပါသည်။ တချို့ ကျောင်းများတွင် ကလေးမိဘ အသင်းအဖွဲ့များ ရှိတတ်ပါသည်။ အထူးသဖြင့် ဘဝတူ အခက်အခဲများ ရင်ဆိုင်နေရသော မိဘများအတွက် အဖွဲ့များ ထားတတ်ကြပြီး၊ အချင်းချင်း အားပေးခြင်း၊ သတင်း အချက်အလက်များ ဖလှယ်ခြင်းများ ပြုလုပ်တတ်ပါသည်။ မိမိ တစ်ယောက်ထဲ ဖြစ်နေသည် မဟုတ်ကြောင်း၊ မိမိကဲ့သို့ ဘဝတူ ဒုက္ခများ ရင်ဆိုင်နေရသူများ အကြောင်း သိရ၍ အားငယ်စိတ်များ နည်းသင့်သလောက် နည်းသွားနိုင်ပါသည်။ Dr. Carothers က ဆိုသည်။ “သင် အရမ်းကို စိတ်ဓါတ် ကျနေရင် အရင်ဆုံး သင့်ကိုသင် စမ်းစစ်ကြည့်ပါ။ သင့် ရည်မှန်းချက်က အရမ်းကို ကြီးလွန်းနေသလား။ လက်တွေ့ ဖြစ်နိုင်ချေ ရှိကော ရှိသလား။ ရလာဒ်က ကြိုးစားအားထုတ်မှုတွေကို အရမ်းကို လွှမ်းမိုးနေမိပြီလား။”
မိဘတစ်ယောက်အတွက် မိမိ ကလေးသည် ကျောင်းမှာ အမြဲ အမှတ်ပြည့် ရနေစရာ မလိုပါ။ ကလေး၏ အကောင်းဆုံး ရလာဒ် (Potential) ကို ဖန်တီးရန် ကူညီ ထောက်မပေးဖို့သာပင် ဖြစ်ပါသည်။