ဖိုးသိ
ဖိုးသိ အင်တာနက် သုံးနေရရင် ပျော်နေတဲ့သူ။ ကော်ဖီ ကြိုက်တဲ့ ဖေဖေ။ ရယ်စရာ ပြောပြီး သူ့ဘာသာသူ ရယ်နေတဲ့ သူ။

ဆယ်ကျော်သက်ရွယ် ကလေးနှင့် တရင်းတနှီး ဖြစ်စေနိုင်သော နည်း (၃) နည်း

ဆယ်ကျော်သက်ရွယ် ကလေးနှင့် တရင်းတနှီး ဖြစ်စေနိုင်သော နည်း (၃) နည်း

သင့်ကလေး ‌ငယ်ငယ်က သင့်ကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရှိသလောက်၊ ဆယ်ကျော်သက်ထဲ ရောက်လာတော့ အရမ်း စိမ်းကားလာသလား။ အရင်က သင်နှင့် စကားတွေ ရေပတ်မဝင် ပြောခဲ့သလောက်၊ အခု စကားလုံးတွေ နည်းလာနေသလား။ သင် မေးခွန်းတွေ မေးတိုင်း မဖြေချင်သလိုလိုနှင့် “အင်း… ဟုတ်” စကားလုံးလေးတွေနှင့်ပဲ ပြန်ဖြေနေတတ်ပြီလား။ သူတို့နှင့် စကားပြောရတာ အရမ်းကို ပင်ပန်းနေပြီလား။

သင် ဒါမျိုးတွေ ခံစားနေရတယ်ဆိုရင် သိပ်ပြီး မစမ်းပါဘူး။ ဆယ်ကျော်သက်‌ရွယ် ကလေးတွေ ရှိသော မိဘတွေ တော်တော်များများမှာ ဒီလို ကြုံတွေ့နေရပါတယ်။ တချို့တွေ ဆိုရင် ကလေးနှင့် စကားမပြောဖြစ်တာ ရက်ချီ၊ လချီတောင် ကြာတတ်ပါတယ်။ တချို့က နှစ်တောင် ချီ ကြာတယ် ဆိုသော လူတွေလည်း ရှိပါသေးတယ်။ ကလေးတွေက ဆယ်ကျော်သက်ထဲ ရောက်လာတာနှင့် သူတို့တွေရဲ့ အပြုအမူ၊ အမူအရာတွေ ပြောင်းလာတာ သဘာဝ ပါပဲ။ မိဘနှင့် သိပ်မကပ်ချင်တော့ပဲ ဖာသိဖာသာ နေချင်လာတတ်ပါတယ်။ မိဘ အချို့အတွက်က ဒီလို ဖြစ်လာတာ၊ ကလေးနှင့် အရင်ကလို တရင်းတနှီး မနေရတော့တာ၊ စကားမပြောတော့တာတွေ ကြုံတွေ့ရတော့ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းနေတတ်ကြပါတယ်။

ဘာဖြစ်လို့ ဒီလို ဖြစ်လာရသလဲ။ သင်‌အနေနှင့် ဘာလုပ်ရင် ပြန်ပြီး အဆင်ပြေနိုင်မလဲ။ ဘာမှားနေတာတွေ ရှိသလဲ။ လေ့လာကြည့်ရအောင်။

သင်က ကလေးကို နားညီးအောင် ဆူပူနေတတ်တယ်။

ဆယ်ကျော်သက်ရွယ် ကလေး (၂) ယောက်ရှိသော ကျွန်မ မိတ်ဆွေတစ်ယောက်က တစ်ခါ ပြောဖူးတာကို သတိရမိပါတယ်။ “ဆယ်ကျော်သက်ရွယ် ကလေးတွေက ငယ်ငယ်တုန်းကလို အသေးစိတ် ပြောတာ၊ မှာတာ၊ သင်ကြားတာမျိုးကို လက်မခံချင်တော့ဘူး။” ဘယ်ကို သွား၊ ဘာကို လုပ်၊ ဘယ်လို လုပ်ရတယ် စသည် အသေးစိတ် ပြောနေသည်ကို သင်ပေး ဝေမျှပေးနေတယ်လို့ သင်က ထင်နေပေမယ့်၊ သူတို့အနေနှင့် သင်ဟာ အင်မတန် နားညီးသော၊ စကားရှည်သော၊ စိတ်အနှောက်အယှက် ပေးသော မိဘတစ်ယောက်လို့ပဲ မြင်ပါတယ်။

အရင်တလောက သူရဲ့ သားတစ်‌ယောက်က စုထားသော မုန့်ဖိုးတွေနှင့် စကိတ်ဘုတ် တစ်ခု ဝယ်ပါတယ်။ သူ့စိတ်ထဲ ဒီစကိတ်ဘုတ်ဟာ အသုံးမဝင်ဘူး ဆိုတာ သိပေမယ့်၊ သူ့သားက သူ့စကားကို အဲဒီအချိန်က နားထောင်လိုစိတ် ရှိပုံ မပြပါဘူး။ သူက သူ့သားကို မဝယ်သင့်ကြောင်း တစ်ခါလောက်သာ ပြောပြီး၊ သူ့သားကို ကိုယ်တိုင် ဆုံးဖြတ်စေပါတယ်။ သူထင်တဲ့အတိုင်းပါပဲ။ သူ့သားက စကိတ်ဘုတ် ဝယ်လိုက်ပါတယ်။ သူ့သားဟာ ဒီစကိတ်‌ဘုတ်ကို တစ်ခါ၊ နှစ်ခါလောက် ဆော့ပြီး၊ မဆော့ဖြစ်တော့ပါဘူး။ နောက်ပိုင်း သူ့သားဟာ ဒီစကိတ်ဘုတ်ကို ဝယ်လိုက်တာကို နောင်တရ‌‌မိကြောင်း ပြောပါတယ်။ သင်ခန်းစာ တစ်ခု ရလိုက်တာက မိဘ‌အနေနှင့် အတင်းဝင်ပြီး ဆုံး‌ဖြတ်တာမျိုး၊ တားဆီးတာမျိုး မလုပ်သောအ‌တွက်လည်း သူ့သားက သူကို ပိုလေးစားတယ်။ အခုဆိုရင် မိဘကို တိုင်တိုင်ပင်ပင် စပြီး လုပ်တတ်ပါပြီလို့ ဆိုပါတယ်။ မိဘတစ်ယောက်အနေနှင့် ကလေးကို သူ့ဘာသာသူ ဖွံ့ဖြိုးဖို့ အခွင့်အရေး နေရာပေးဖို့ လိုကြောင်း သင်ခန်းစာ တစ်ခု ရမိပါတယ်။

နောင်တွင် သင့်ကလေးဟာ သူ့ဘာသာသူ ဆုံးဖြတ်ချက် ချတော့မည် ဆိုရင် သင့်စကားကို သင် သတိထားကြည့်ပါ။ သင်က ဘာလုပ်ရမယ်လို့ အမိန့်ပေးနေမိသလား။ ဒါဆိုရင် အဲဒီ စကားကို မေးခွန်းတစ်ခုဖြစ်အောင် ကြိုးစားကြည့်ပါလား။ သူ့အမှား လုပ်မိရင် “ငါ ပြောတယ် မဟုတ်လား” “ငါ့ကို ဘာလို့ စောစောက မပြောသလဲ” လူကို အပြစ်တင်ချင်သော စကားတွေ အစား၊ “ပြောပါဦး.. ဘာဖြစ်သွားတာလဲ” “ဒီမှာ ဘာသင်ခန်းစာ ရလိုက်လဲ” “နောက်တစ်ခါဆိုရင် ဘယ်လို လုပ်မှာလဲ” စသော အကောင်းဘက်ကို နွယ်စေသော စကားတွေနှင့် အစားထိုးပါ။

သူက သင့်ကို ရင်ဖွင့်လာရင်၊ စကား ပြောလာရင် ချက်ချင်း သင့်အတွေးအခေါ်တွေ၊ အတွေ့အကြုံတွေကို ပြောဖို့ အရမ်း ဆန္ဒမစောပါနှင့်။ သူ့တို့ စကားကို ဆုံးအောင် အရင် နားထောင်ပါ။ သူ့အမှားကို လုပ်မိတာ သဘာဝပါ။ အခုမှ ဆယ်ကျော်သက် အရွယ်ပါ။ အမှန်နှင့် အမှားဆိုတာ ရှာဖွေ လေ့လာနေဆဲပါ။ သူတို့ လိုချင်နေတာဟာ သူတို့ကို ဂရုစိုက်ပြီး၊ သူ့တိုကို နားထောင်ပေးသော မိဘတွေပါ။ ဒါမှလည်း သူတို့က သင်ကို ယုံကြည်ပြီး၊ သင့် စကားကို နားထောင်ချင်စိတ် ရှိမှာပေါ့။

သင်မှာ သူ့တို့အတွက် အချိန်မပေးနိုင်ဘူး

သင် ရုပ်ရှင်တွေထဲမှာ မြင်ဘူးပါလိမ့်မည်။ မနက်စာ စားနေချိန်။ အဖေက သတင်းစာဖတ်ရင်း ကော်ဖီသောက်နေတယ်။ အမေက ကလေး နေ့လည်စာ ထမင်းဘူး ပြင်နေတယ်။ ကလေးက သူ့မှာ ရင်ဖွင့်စရာ၊ တိုင်ပင်စရာ တစ်ခုခု ရှိနေတယ်။ သူ့ မိဘကို ဖွင့်ပြောရမှာကို ကြောက်နေတယ်။ နောက်ဆုံး သတ္တိတွေ စုပြီး၊ ဖွင့်ပြောမယ် လုပ်တော့ သူ့ မိဘတွေက အလုပ်သွားဖို့ လုပ်နေပြီ။ သူ စကားစပြောတော့ သူ့မိဘတွေက နောက်မှ ပြောမယ်ဆိုပြီး အရင်စလို ထသွားကြပြီ။ ကလေးက ထမင်းစားပွဲမှာ တစ်ယောက်ထဲ ငိုင်ပြီး ကျန်ခဲ့တယ်။ အပြင်မှာ ဒါမျိုးတွေ အများကြီး ရှိပါတယ်။ မိဘတွေ အနေနှင့် နေ့စဥ်နှင့် အမျှ အလုပ်နှင့် အိမ် ကိစ္စတွေ လုံးချာလိုက်နေတတ်ပါတယ်။ ဒါပေမယ့် ကလေးကို မေ့မထားပါနှင့်။ သူ့တို့အတွက် အချိန်တစ်ခုခု ပေးဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက် ကလေးအတွက် သူတို့ လိုအပ်တာ သင့်အချိန်တစ်ခုပါ။

အချိန်တစ်ခုအတွက် ဘာ ပိုက်ဆံမှ အကုန်ခံစရာ မလိုပါဘူး။ ဘာမှ ထွေထွေထူးထူး ပြင်ဆင်စရာလည်း မလိုအပ်ပါဘူး။ ကျွန်မ မိတ်ဆွေက တနင်္ဂနွေနေ့တိုင်း သူ့သားနှင့် ၂ ယောက်သား နံနက်စာ အတူတူ သွားစားလေ့ ရှိပါတယ်။ နံနက်စာ စားရင်း ဒီတစ်ပတ် ဘာတွေ ဖြစ်တယ်၊ ဘာတွေကိုတော့ မကြိုက်ဘူး စသည်ဖြင့် ပြောလေ့ ရှိပါတယ်။ တစ်ပတ်တစ်ခါ ပုံမှန် တစ်ခုခုကို အတူတူ လုပ်ရင်း၊ ကလေးကို ပွင့်ပွင့်လင်းလင်း စကားပြောဖို့ အခွင့်အရေး ပေးထားပါ။

သင်က စိတ်မရှည်ဘူး။

မိဘလုပ်သည် ဆိုတာ စိတ်ရှည်ဖို့ လိုပါသည်။ ထပ်ပြီး ပြောပါအုံးမည်။ မိဘလုပ်တာ စိတ်ရှည်ဖို့ လိုပါသည်။ ဆယ်ကျော်သက် ကလေးကို သင်စိတ်မရှည်လို့ အော်ချင် ငြောက်ချင်စိတ် ပေါ်ကောင်းပေါ်လာတတ်ပါလိမ့်မည်။ သင် ဒီလို ‌လုပ်လိုက်ရင် သူတို့က သင့်ကို ကြောက်လို့ သင့်ပြောသော အတိုင်း လုပ်ကောင်းလုပ်ပါလိမ့်မည်။ သို့သော် ဤအရာမှာ လတ်တလောကိုသာ အဆင်ပြေစေပြီး ရေရှည်မှာ မကောင်းပါ။ သင့်ကလေးက သင်သည် သူ့တို့ကို ရင်ထဲ ထိ‌ခိုက်နာကျင်စေသူ၊ မုန်းစရာ ကောင်းသူ ဟု ထင်မြင်စေပါသည်။

သင်၏ ဆယ်ကျော်သက် ကလေးက သင်စိတ်တိုနေရင်၊ ဒေါသထွက်နေတာကို မြင်ရင် သူတို့က ရှေ့ဆက်တော့မည် မဟုတ်ပါ။ သင်အနားက ခွာသွားမည် ဖြစ်သည်။ သူတို့အတွက် နောင်တွင် သင်ဆီကို အလွယ်တကူနှင့် ပြန်လာတော့မည် မဟုတ်တော့ပါ။

မိဘတစ်ယောက်‌အနေဖြင့် စံပြနေပါ။ ကလေးဆိုသည်မှာ မိဘကို အတုခိုးချင်သူများ ဖြစ်သည်။ ကလေးကို ‌စကား ဘယ်လို ကောင်းကောင်း ပြောရမည်၊ ဒေါသကို ဘယ်လို ထိမ်းရမည် ဆိုသည်ကို လက်တွေ့ ပြသပါ။ သင် ‌အနေဖြင့် ဒေါသ အလွယ်တစ်ကူ ဖြစ်တတ်သူ ဆိုပါက သင့် ဇနီး၊ခင်ပွန်းကို တိုင်ပင်ထား၍ သင်ဒေါသ ထွက်လာသည်နှင့် သူတို့ကို အရင် ကိုင်တွယ်ခိုင်းထားပါ။ ကလေးအား သင်၏ ဒေါသကြီးတတ်သော စရိုက်ကို ကြိုအသိပေးထားခြင်းဖြင့်လည်း ကလေး နားလည်မှုကို တိုးပွားစေပါသည်။

ပြဿနာ ဆိုသည်မှာ မဆန်းပါ။ လူတိုင်းတွင် သူ့ပြဿနာနှင့် သူ ရှိနေပါသည်။ အရေးကြီးသည်မှာ ပြဿနာကို ဘယ်လို ကိုင်တွယ်သနည်းသာ ဖြစ်ပါသည်။ သူ့ဘက်၊ ကိုယ့်ဘက် အမြင်ချင်း ဖလှယ်နိုင်အောင် ကြိုးစားပါ။ နှစ်ဘက်စလုံး အဆင်ပြေနိုင်မည့် နည်းလမ်းကို ဦးတည်၍ ရှာဖွေပါဟု အကြံပြုလိုက်ပါသည်။