Hua
Hua ကလေးနှင့်ပတ်သက်သောဆေးပညာရပ်တွင် စိတ်ဝင်စားလေ့လာသူ။ နှုတ်ခမ်းနီစုဆောင်း ဝါသနာပါသူနှင့် Foodie တစ်ဦး။

ဖခင်တစ်ဦးအနေဖြင့် သမီးမိန်းကလေးများအတွက် ဖန်တီးပေးနိုင်သော ဘဝသင်ခန်းစာများ

ဖခင်တစ်ဦးအနေဖြင့် သမီးမိန်းကလေးများအတွက် ဖန်တီးပေးနိုင်သော ဘဝသင်ခန်းစာများ

အဖေနဲ့သမီးကြားဆက်ဆံရေးက ဆန်းကြယ်တယ်တဲ့။ သမီးတို့အတွက် စံပြအမျိုးသားပုဂ္ဂိုလ်တစ်ဦးရဲ့ပုံစံ၊ ဘဝလမ်းတွဲဖော်ရွေးချယ်ရေးစိတ်သဏ္ဌန်မှာ ဖခင်ရဲ့ပုံရိပ်ဟာ လွှမ်းမိုးမှုရှိပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ သားသမီးတွေကို ထိန်းကျောင်းတဲ့နေရာမှာ ဖခင်တွေရဲ့ပါဝင်မှုဟာ ကလေးငယ်တွေဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုတယ်လို့ ဆိုထားပါတယ်။ ဖခင်ရဲ့အဓိကပြုစုပျိုးထောင်ခြင်းကိုခံရတဲ့အမျိုးသမီးတွေဟာ ပိုပြီးရင့်ကျက်တယ်၊ ပိုပြီးအမှီအခိုကင်းတယ်၊ ကိုယ့်ကိုယ်ကို ပိုပြီးတန်ဖိုးထားတတ်ကြတယ် လို့ဆိုပါတယ်။

မိဘကောင်းတစ်ဦးဖြစ်ဖို့အတွက် ချမ်းသာဖို့မလိုပါဘူး၊ ဂုဏ်ဒြပ်တွေကြွယ်ဝနေဖို့လည်း မလိုပါဘူး။ ဘဝနေနည်းနဲ့ပတ်သက်တဲ့ပညာရှင်”ဂျူဒီ”က ဖခင်တွေအနေနဲ့သမီးတွေအတွက် ပေးနိူင်တဲ့ဘဝသင်ခန်းစာတချို့ဝေမျှပေးတာကို ကြည့်ကြရအောင်ပါ။

(၁) မိသားစုအတွက် အချိန်အမြဲတမ်းပေးပါ

“ဂျူဒီ”ကလေးဘဝတုန်းက သူမရဲ့ဖေဖေဟာ နေ့ရောညပါ အလုပ်တွေလုပ်နေရပေမဲ့သူ့(မ)အတွက်တော့အချိန်အမြဲတမ်းပေးပြီး ညစာအတူစား၊ စကားတွေပြောပေးတယ်။ တီဗီအစီအစဉ်တွေ တူတူကြည့်ပါတယ်။ အဲဒီလိုရိုးရှင်းတဲ့ အချိန်ပေးမှုလေးတွေက ကလေးစိတ်ထဲမှာတော့ “သြော ငါဟာ မိဘရဲ့ အချိန်နဲ့ ဂရုစိုက်မှုကို ထိုက်တန်တဲ့ကလေးတစ်ယောက်ပါလား” ဆိုပြီး ထင်မှတ်စေပါတယ်။ အခုအချိန်မှာ ဂျူဒီဟာ အလုပ်အကိုင်နဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပါပြီ။ ဒါပေမဲ့ သူမအဖေရဲ့ ကြိုးစားအားထုတ်မှုလေးတွေကို အခုထိ အမှတ်ရကျေနပ်မိနေဆဲပါတဲ့။

“ကလေးဘဝဆိုတာ တဒင်္ဂလေးပါ။ ဒါပေမဲ့ အချိန်ပေးတည်ဆောက်ခဲ့တဲ့ မိဘနဲ့သားသမီးဆက်ဆံရေးကတော့ ဘယ်တော့မှ အချည်းနှီးမဖြစ်သွားပါဘူး”လို့ဂျူဒီက ဆိုပါတယ်။

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ အလုပ်က အရေးကြီးပါတယ်။ အလုပ်လုပ်မှ ဝင်ငွေရမယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ကလေးတွေကိုတတ်နိူင်သလောက် အချိန်ပေးပါ။ အမှတ်တရများဖန်တီးပါ။ ဒါမှသာ ကလေးတွေစိတ်ထဲမှာ အဖေနဲ့ကုန်ဆုံးခဲ့တဲ့ငယ်ဘဝဆိုတာ ကျန်ရှိနေမှာပါ။ နောင်တစ်ချိန်ကိုယ့်သမီး မိခင်နေရာရောက်ခဲ့ရင်လည်း သူ(မ)ရရှိခဲ့တဲ့အမှတ်ရစရာ ငယ်ဘဝနည်းတူ သူမသားသမီးတွေအတွက် ဖန်တီးပေးနိူင်မှာဖြစ်ပါတယ်..

(၂) ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင်အောင် ကြိုးစားခွင့်ပေးပါ

ကိုယ်ဖြစ်စေချင်တဲ့ ပုံစံထက် ကိုယ်သမီးဖြစ်သူရဲ့ ပင်ကိုယ်ပကတိပုံစံကို လက်ခံပေးပါ။ ဒါ့ကြောင့် သူတို့ရဲ့ ပင်ကိုယ်အရည်အချင်းအားသာချက်များကို သူကိုယ်တိုင် သတိထားမိလာအောင် ကူညီဖော်ထုတ်ပေးပါ။ တန်ဖိုးထားချီးမြှောက်ပါ။ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို ဆက်လက်ဆောင်ရွက်နိုင်ရန်အကူအညီပေးပါ။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကိုမခံပါစေနဲ့။

ဂျူဒီဟာ ဆယ်ကျော်သက်ကျောင်းသူဘဝတုန်းက သာမန်အလယ်အလတ်ကျောင်းသူတစ်ယောက်မျှသာ ဖြစ်ခဲ့တယ်။ စာကြိုးစားသူလဲမဟုတ်ခဲ့။ စာမေးပွဲတစ်ချို့တောင် ကျခဲ့ဖူးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ သူ(မ)ဖေဖေက သူ(မ)ကို ဆူပူအပြစ်တင်နေမယ့်အစား သူမနဲ့ ပွင့်ပွင့်လင်းလင်း စကားလာပြောလေ့ရှိတယ်တဲ့။ စာမေးပွဲကာလတွေမှာဆိုရင် သူမဖေဖေက “သမီးဖြေနိုင်ခဲ့ရဲ့လား” “နောက်တစ်ခါရော ဒီထက်ပိုကောင်းအောင်လုပ်နိူင်မလား” စသဖြင့် မေးလေ့ရှိပါတယ်။ ကိုယ့်ပညာရေးဟာ ကိုယ့်လက်ထဲမှာပဲရှိတယ်၊ ကိုယ်လိုရာကို ပဲ့ကိုင်နိုင်တယ်ဆိုတဲ့အသိကို သဘောပေါက်သွားအောင် သူ(မ)ဖေဖေဟာ လမ်းပြပေးပါတယ်။ ပြောရမယ်ဆိုရင် သူ(မ)ဖေဖေဟာ စာမေးပွဲရလဒ်တွေထက် သူ(မ)ရဲ့ကိုယ်ပိုင်အရည်အချင်းတွေကို ဖော်ထုတ်နိုင်အောင် မြေတောင်မြှောက်ပေးခဲ့တာပါ။

“ကျွန်မအဖေရဲ့ခိုင်မြဲတဲ့ခံယူချက်တွေကနေ ကျွန်မသိခဲ့တာတစ်ခုက - စာမေးပွဲတွေ၊ အမှတ်တွေကအရေးကြီးပေမဲ့ အဲဒီအရာတွေက ကျွန်မဘယ်သူလဲဆိုတာကို မသတ်မှတ်ပေးနိူင်ပါဘူး” ဆိုပြီးဂျူဒီက ဆိုပါတယ်။

အခုလက်ရှိမှာ ဂျူဒီကိုယ်တိုင်မိဘနေရာရောက်နေပါပြီ။ သူ(မ)အခုလိုကလေးတွေအပေါ် စာနာနားလည်မှုပေးနိူင်တာဟာလည်း သူ(မ)ဖေဖေကြောင့်လို့ အမြဲချီးကျူးပြောလေ့ရှိပါတယ်။ သူ(မ)အဖေရဲ့အားပေးပံ့ပိုးကူညီမျှတွေဟာ သူ(မ)ကိုအခက်အခဲတွေကြုံတိုင်းမှာ လဲကျမသွားအောင် အထောက်အကူဖြစ်စေခဲ့ကြောင်း အသိအမှတ်ပြုပြောဆိုခဲ့ပါတယ်။ သူ(မ)သားသမီးတွေလည်း ထိုနည်းတူလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောခဲ့ပါတယ်။

(၃) အမျိူးသမီးတစ်ဦးရဲ့တန်ဖိုး

အဆိုတော်/သီချင်းရေးဆရာ ဂျွန်မေယာက “အဖေတွေအနေနဲ့ သမီးတွေအပေါ်ချစ်မြတ်နိုးရင် သမီးတွေကလည်း ကိုယ့်နည်းတူ ပြန်ချစ်ပေးလိမ့်မယ်”လို့ ဆိုပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ပထမဆုံးထိတွေ့ရတဲ့ အမျိုးသားက ဖခင်ဖြစ်ပါတယ်။ ယောက်ျားတွေဟာ ဘယ်လိုမျိုးလဲဆိုတာသိရှိဖို့အတွက် ဖခင်တွေဟာ အရေးကြီးတဲ့ပြယုဒ်တစ်ခုဖြစ်တယ်။ မွန်ရည်အပ်စပ်ပြီး လေးစားစရာကောင်းတဲ့အမျိုးသားက ဘယ်လိုလဲဆိုတာသိဖို့ ဖခင်တွေအနေနဲ့စံနမူနာထားပြုမူနေထိုင်သင့်ပါတယ်။

လေ့လာတွေရှိချက်တွေအရ မိန်းကလေးတွေက သူ(မ)ရဲ့ ဖခင်ရဲ့ အင်္ဂါရပ်မျိုး၊ အရည်အသွေးမျိုး ရှိတဲ့အမျိုးသားကို လက်တွဲလေ့ရှိကြတယ်လို့ ဆိုပါတယ်။ ချစ်သူရည်စားဆီမှာ အဲလို ကိုယ်နဲ့အကျွမ်းတဝင်ဖြစ်ပြီးသား အင်္ဂါရပ်လေးတွေရှိတဲ့အခါ သူတို့အတွက် ဆက်ဆံရေးမှာ အထောက်အကူဖြစ်ပါတယ်။ ဒါ့ကြောင့်ဖခင်တစ်ယောက်ဟာ ကြင်ကြင်နာနာရှိတယ်၊ ယုံကြည်အားကိုးရတယ်၊ မိသားစုကိုအလေးထားတယ်ဆိုရင် သမီးတွေဟာ အဲ့လိုပုံစံရှိတဲ့ယောက်ျားကို ရှာဖွေကြမှာပါ။

ဂျူဒီမှတ်မိသလောက် သူ(မ)ဖေဖေဟာ သူ(မ)အမေကိုဘယ်တော့မှ ဒုတိယတန်းစားလို ထားပြီးမဆက်ဆံပါဘူးတဲ့။ အိမ်မှုကိစ္စမှာရော ကလးထိန်းကျောင်းစောင့်ရှောက်တာစတဲ့ ကိစ္စတွေမှာပါ အတူတကွဝိုင်းဝန်းလုပ်ဆောင်လေ့ရှိပါတယ်။ ပြီးတော့သူ(မ)စပြီး လူမှန်းသိခါစအရွယ်ကတည်းက မှတ်မိနေတာတစ်ခုက ပွဲလမ်းသဘင်တစ်ခုသွားတော့မယ်ဆိုရင် ဖေဖေဟာ မေမေ့ကို ဘယ်လောက်လှကြောင်း အမြဲချီးကျူးပြောဆိုလေ့ရှိတာပဲဖြစ်ပါတယ်။

“ကျွန်မအဖေဟာ အမေ့ကို အိမ်အလုပ်တွေအမြဲကူညီတာ၊ သားသမီးတွေအတွက်စံပြမိဘတစ်ယောက်ဖြစ်တာကို ကြည့်ပြီး၊ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့အိမ်ထောင်ရေးတစ်ခုဆိုတာ ဒီလိုပါလား”ဆိုပြီး သိခဲ့ရကြောင်း ပြောပါတယ်။ အိမ်ထောင်ရေးတော်တော်များများဟာ အစပိုင်းမှာကြည်နူးဖွယ်ကောင်းကြတာသဘာဝပါပဲ။ ဒါပေမဲ့အိမ်ထောင်သက်တလျှောက်လုံးမှာ ကိုယ့်ရဲ့အိမ်ထောင်ဘက်ကို ချစ်ခင်မြတ်နိုးနိူင်တယ် ချီးကျူးပြောဆိုနိူင်တယ်ဆိုတာကိုတော့ ကျွန်မမိဘတွေကသက်သေပြခဲ့ပါတယ်လို့ ဂျူဒီက ဝေမျှပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် ဖခင်တွေအနေနဲ့ သမီးတွေကို ကံမကောင်းတဲ့ချစ်သူရည်စားဆက်ဆံရေးတွေကနေ မကြုံတွေ့အောင် အမြဲတမ်းကာကွယ်ပေးဖို့ မဖြစ်နိုင်ပေမယ့်၊ စံပြအမျိုးသားတစ်ယောက်လို ပြောဆိုပြုမူခြင်းအားဖြင့် သမီးတွေအနေနဲ့ သူ့ချစ်သူ ရည်စားဆီမှာ စံပြမဟုတ်တဲ့ အရည်အသွေးတွေမြင်လာတိုင်း သတိထားရှောင်ကြဉ်စေနိူင်မှာလည်း ဖြစ်ပါတယ်..

Source: https://www.familiesforlife.sg/discover-an-article/Pages/Life-Lessons-Dad-Should-Impart-to-His-Daughter.aspx?fbclid=IwAR1qsQo9w1NpDL-MeN3nzjEn2bJzDN7k4Tnj36vv3pAVAIj0h6D11mGuSkE#sthash.ImrOJnGi.dpuf